Showing posts with label ၀င်းမြင့်၏ ကဗျာများ. Show all posts
Showing posts with label ၀င်းမြင့်၏ ကဗျာများ. Show all posts

Thursday, March 1, 2007

မကျွတ်မလွတ်တဲ့စွန်

မကျွတ်မလွတ်တဲ့ စွန်
အခု လေပေါ်မှာ ဘာလုပ်နေတယ် ထင်သလဲ။

မကျွတ်မလွတ်တဲ့ စွန်
အခု မြင်ကွင်းမှာ ကြိုးနဲ့ ချိတ်နေတယ်။

မကျွတ်မလွတ်တဲ့ စွန်
အခုကြိုးတစ်ချောင်းနဲ့
ဘာတွေရှုပ်နေသလဲ။

မကျွတ်မလွတ်တဲ့ စွန်
ငါ မသိဘူး
မင်း မသိဘူး
အဖြေ မရှိဘူး။ ။
ဝင်းမြင့်
(လူပြိန်းရဲ့ အချစ်ဖြစ်ပွားရာ ကဗျာစာအုပ်မှ)

Monday, February 26, 2007

အပျက်အစီးတွေရဲ့ကြား

အသားအရေတွေ ခမ်းခြောက်စ
အနှစ်၃၀ကျော်မှ
ငါ့ အပေါ် ဇောက်ထိုးဆင်းလာတဲ့ကြယ်က
ရေသောက်မြစ်တစ်ခု ရှာမလိုတဲ့။

သေကွဲတွေ
ရှင်ကွဲတွေ
လက်မလည်အောင် လွဲခဲ့ပြီပဲ။

တစ်ယောက်တည်း စကားတွေ
နှစ်ယောက်တည်း ကြိတ်မှိတ်နေရတာတွေ
ဘယ်သူသိ
မသိအောင်လည်း ရေးခြစ်မိတဲ့နံရံများ။

ငါတို့ မြို့ဟောင်းတစ်ခုလို တူးဖော်တော့
ပုံပျက်ပန်းပျက် ပြတ်ကျနေတဲ့ကြယ်ကို တွေ့တယ်
ဒါဟာ မိန်းမတစ်ယေက်
နှုတ်ခမ်းတွေရွဲ့စောင်းလို့
ရှေးဟောင်းနှောင်းဖြစ်တွေ ပြောလို့။ ။
ဝင်းမြင့်
(လူပြိန်းရဲ့ အချစ်ဖြစ်ပွားရ ကဗျာစာအုပ်မှ)

Sunday, February 25, 2007

ဘောင်းဘီအတိုလေးနဲ့ဓာတ်ပုံ

အဝေးက
အိမ်ဝေးသူရဲ့ညစာမှာ
အသီးအကင်းတွေ ကြွေကျနေဆဲ
ပိုးစားသစ်ပင်ရဲ့ စိတ္တဇနဲ့ရောင့်ရဲဆဲ
ကျွန်တော် မရောက်ရှိရာ
ချောင်းကလေးလည်း ကောခဲ့
ဇာတိက
သောင်လိုထွန်းခဲ့ပြီး
ကျွန်တော်တို့က မြစ်လိုသွားခဲ့တဲ့ခရီးမှာ
မလိုအပ်ရင်
အိမ်ပြင်ပြန်ထွက်ပြေးတတ်တဲ့ ငှက်တွေဟာ
ကျွန်တော်တို့
လိုအပ်ရင်
အချိန်မတော်ပြန်လာတတ်တဲ့ သားကို
ဖခင်တစ်ဦးရဲ့ အချိန်မတော် တံခါးဖွင့်ပေးသံကို
နားလည်ပြီ။
အခုလို မြစ်ရေကြီးသောအခါမှ
မိမဲ့ ဖမဲ့ ကမ်းပြိုသလို ငါ လှိမ့်ပြိုခဲ့
ခေါ်မကြား အော်မကြား
အဝေးရောက်သားတစ်ယောက်ရဲ့
အကိုင်းဖျားဟာ တဆတ်ဆတ်ခါခဲ့
ငယ်ဘ၀ရဲ့ စိုက်ခင်းတွေကြား
ဘောင်းဘီအတိုလေးနဲ့ဓာတ်ပုံဟာ ပျောက်ဆုံးသွားခဲ့ပြီ။ ။
(၉-၉-၂၀၀၂ တွင် ကွယ်လွန်သွားသော ဖခင်ကြီးအား ရည်စူး၍)
ဝင်းမြင့်
(လူပြိန်းရဲ့အချစ်ဖြစ်ပွားရာ ကဗျာစာအုပ်မှ)

ဝေးကွာခြင်းနဲ့ မျက်နှာချင်းဆိုင်

ပလက်ဖောင်းဆန်ဆန်
ပြတင်းဘောင်မှာ
နေစာလှုံနေတဲ့ ကြောင်တစ်ကောင်ဆန်ဆန်
ပေါ့ပေါ့ပါးပါးနဲ့
ဘ၀ဆိုတာကို ပေါ့ပါးချင်တယ်
လေထဲ
ဝေ့၀ဲနေတဲ့ ကြက်တောင်မွှေးကလေးလို
ပေါ့ပေါ့ပါးပါး ကြည့်လို့တော့ကောင်းတယ်
ဒါပေမယ့် ကြက်ရေပြားက
ဆွဲနုတ်ထားတဲ့ ပေါ့ပါးမှုမျိုးတော့ ကြောက်တယ်

ကြောက်တဲ့ အထဲမှာ
ငါ့ကိုယ်ငါလည်း ပါပါတယ်။
တခါတလေ ငါ့ကိုယ်နဲ့ ငါ့စိတ်က
တရားနဲ့
အဓမ္မလောက်ဝေးကွာတယ်
တခါတလေ
ငါ့အာရုံနဲ့ ငါ့လက်က
ကမ္ဘာ့အနောက်ခြမ်းလောက် ဝေးကွာတယ်
ကမ်းမမြင် လမ်းမမြင်
ဝေးကွာခြင်းဟာ
လေလိုပဲ
မမြင်ရဘူး

ခေါ်မကြား အော်မကြား
ဝေးကွာခြင်းဟာ
ရွှေသမင်လိုပဲ
အဖမ်းရခက်တယ်

ကျောက်သားထဲ ၀င်ပုန်းနေတဲ့ပန်းပုရုပ်လို
ကန်ရေမှာ နေ့ခံ ညစံ သူယောင်မယ်လို
ဝေးကွာခြင်းဟာ
ဝေးကွာလွန်းလို့
ဝေးကွာခြင်းနဲ့ ငါဟာ နီးစပ်ခဲ့တယ်။

ငါ့မှာနေရှိတယ်
ငါ့မှာလရှိတယ်
ငါ့မှာမီးရှိတယ်
ရေမြေလေ အာကာသ အကုန်ရှိတယ်
စကြ၀ဠာနဲ့ ငါဟာ ဖွားဖက်တော်
ကမ္ဘာ ငါ့ရဲ့ အခန်းဖော်

ဒါပေမယ့် တယ်လီဖုန်းခေါ်လို့ မရဘူး
စာထည့်ရင် ပြန်စာမလာဘူး။ ။
ဝင်းမြင့်
(ရုပ်ရှင်တေးကဗျာ-မတ်လ-၂၀၀၃)

Friday, February 23, 2007

ရပ်ခြင်း

လောကရဲ့တောက်ပမှုအောက်မှာ
ငါ ရေငတ်တယ်။

ညနေ ၆နာရီကျော်လျှင်
ငါ့လို လမ်းဘေးဓာတ်တိုင်
ငါ့လို မီးလင်းမြဲ။

လမ်းမပေါ်
ဓာတ်တိုင်လို
မှတ်တိုင်လို
ငါ ရပ်တွေးခေါ်နေတာ
ဘယ်လောက်ကြာပြီလဲ။

သန်းခေါင်သန်းလွဲ
ကြယ်တွေအရည်ပျော်လို့
ချိုင့်ခွက်ထူပြောသော လမျက်နှာပြင်ပမာ ငါ့မျက်နှာ
ဘ၀အမောဟုသာ ပြောပြချင်ပါတယ်။ ။
ဝင်းမြင့်
(လူပြိန်းရဲ့ အချစ်ဖြစ်ပွားရာကဗျာစာအုပ်မှ)

Thursday, February 22, 2007

ဘယ်လိုအဓိပ္ပါယ်မျိုးလဲ

မြို့အပြင်
ဝင်သွားတဲ့နေရောင်နဲ့
အမီလိုက်ပြီး ကျင်းပရတဲ့ ကိုယ့်ညစာခွက်ဟာ
ကြယ်တွေနဲ့အတူ
ရောပြွမ်းပေါက်ရောက်တယ်။

အလိုရမ္မက်ဟာ
လက်တွေအများကြီးနဲ့
ကောင်းကင်လို ထူပြောလို့
မိုးမကျ မြေမကျ သစ်ခွပင်လိုကပ်လို့
အပ်ဖျားလိုထောင်နေတဲ့ ကိုယ့်ဆန္ဒကို
အနောက်တောင်ထောင့်က ၀ါးကွက်မှာ အပ်ထားလိုက်ပါပြီ။

ဟပ်ထုတ်လိုက်တိုင်း
ရေကြည်ရာ မြက်နုရာဟာ
သလိပ်ဖတ်တွေနဲ့ လုံးထွေးလို့
ဘာမဆို ငါ့ဘေးနား ဖြတ်သွားဖြတ်လာ
ငါ့မှာသာ ယုတ္တိမရှိဘဲ လူဖြစ်လို့
ဘယ်လိုအဓိပ္ပါယ်မျိုးလဲ
ငါ ရှင်ချင်သေးတယ်။ ။
ဝင်းမြင့်
(လူပြိန်းရဲ့အချစ်ဖြစ်ပွားရာ ကဗျာစာအုပ်မှ)

ရန်ကုန် (၃)

ဝင်းမြင့် နှင့် ဝေမှူးသွင် တို့ပေါင်းပြီးတော့ လူပြိန်းရဲ့ အချစ်ဖြစ်ပွားရာ ဆိုပြီးတော့ ကဗျာစာအုပ်လေးထုတ်ထားပါတယ်။ ၎င်းစာအုပ်မှ ကဗျာလေးများကို မျှဝေလိုက်ပါတယ်

လူပိုတွေ လက်မခံတတ်တဲ့ ရန်ကုန်မှာ
ကျောတစ်ခင်းစာ နေရာအတွက်
လူပိုတွေနဲ့လည်း ပေါင်းဖူးတယ်။

အရိပ်ခိုခွင့်ပြုသူရဲ့ ကျေးဇူးလို
အရိပ်မခိုချင်တော့တဲ့ ကျေးဇူးလည်းရှိရမယ်။

ငါ့အိမ်အပြန်
လမ်းထိပ်က အချိန်မှန် စောင့်ကြိုတတ်တဲ့ခွေး
မနှစ်က အဆိပ်ကျွေးခံလိုက်ရတယ်
ငါ ၀မ်းနည်းမိတယ်။

ငါနံနက်ခင်းမှာ
ငါ့ကို နှိုးတဲ့စာကလေးများ
အချုပ်အနှောင်မှ ဝေးစေရန်
သုံးကောင် ၀ယ်လွှတ်လိုက်ပါတယ်။ ။

ဝင်းမြင့်
(လူပြိန်းရဲ့ အချစ်ဖြစ်ပွားရာ ကဗျာစာအုပ်မှ)