Showing posts with label စိုင်းဝင်းမြင့်၏ ကဗျာများ. Show all posts
Showing posts with label စိုင်းဝင်းမြင့်၏ ကဗျာများ. Show all posts

Monday, February 26, 2007

ဗာဂျင်းနီယားဝုဖ်၏ ဘ၀နေ့စွဲများ

နေ့စဉ်မှတ်တမ်း စရေးတယ်။ ၁၈၉၇
နေ့စဉ်မှတ်တမ်း ပြန်ရေးဖြစ်လာတယ်။ ၁၉၀၃
နေ့စဉ်မှတ်တမ်း ဆက်ရေးတယ်။ ၁၉၀၅
ဘ၀ကို ဟာသဆန်ဆန် ၀တ္ထု (ခင်မင်မှုပြခန်း)ရေးတယ်။ ၁၉၀၇
ဇန်န၀ါရီမှာ နေ့စဉ်မှတ်တမ်းပြန်ရေးတယ်။ ၁၉၁၅
“မရေးသော ၀တ္ထုတစ်ပုဒ်”
တနင်္လာသို့မဟုတ် အင်္ဂါ
စာအုပ်ပုံစံ ယူလစ်ဆစ်ကို ဖတ်ပြီးနောက်၊
ပစ်မှတ်လွဲ ချော်နေတယ်လို့ ဝေဖန်ခဲ့တယ်။ ၁၉၂၂
ဖွန်လမှာ အိလိယော့နဲ့
ညစာစားကြရင်း ဖုန်းဆိုးမြေကဗျာကို ရွတ်ပြခဲ့တယ်။ ၁၉၂၂
“ခေတ်ပြိုင်များသို့ ထိုးနှက်ခြင်း” ၁၉၂၃
ဆလိတ်တာဆိုင်မှ တွယ်အပ်များသည် ထိပ်ဖျားမချွန် ၁၉၂၇
“လူငယ်ကဗျာဆရာတစ်ဦးသို့ ပေးစာတစ်စောင်” ၁၉၃၂
အလုပ်သမား နေ့စဉ်သတင်းစာမှာ
“ယနေ့ခေတ် အနုပညာ အဘယ်ကြောင့် နိုင်ငံရေး၏
နောက်လိုက်ဖြစ်ရသလဲ” ဆောင်းပါးကို ရေးခဲ့တယ်။ ၁၉၃၆
ပေါ့လွန်းတဲ့အတွက် ထုတ်ဝေဖို့မသင့်ဟု သူမဆုံးဖြတ်ခဲ့တယ်။ ၁၉၄၁
(ဗာဂျင်းနီးယားဝုဖ်၏ လက်ရွေးစင်ဝတ္ထုတိုများမှ စာသားများ)

စိုင်းဝင်းမြင့်
(ကြယ်ကမ္ဘာရေင်းဝယ်ရေး ကဗျာစာအုပ်မှ)

Sunday, February 25, 2007

လူငယ်ရှိတယ် ကဗျာအကြောင်း ရောက်သွားတယ် ဆိုကြပါစို့-၁

ဘ၀ဟာ မွေ့လျော်ဖွယ် ကောင်းပါတယ်ဟု
သူက ပြောသည်
ပြေးလို့လွတ်မယ်ဆိုရင်
တပြေးတည်း ပြေးနေမှာပေါ့။
သူ့ကို အကြောင်းပြုပြီး အခန်းတစ်ခန်းရထားတယ်
မီးကလည်း ၂၄နာရီ
ရေကလည်း ကြည်နေတာပဲ
အဲဒါပဲ
စားစရာကတော့ မရှိဘူး
တောတောင်ရေမြေနဲ့ ကိုယ်ဧည့်ခံမယ်
ရှဥ့်ကိုလည်း မြင်ရမယ်
ဥသြသံကိုလည်း ကြားရမယ်။
ရှုပ်ထွေးလာတယ်၊ ခက်ခဲလာတယ်
ရှုပ်ထွေးပေမယ့် မထွေပြား
အပြောင်းအရွှေ့များပေမယ့်
ကျွန်တော်က ရွှေ့ပြောင်းမကစား
မှားတယ်ဆိုလည်း မှားတဲ့ဘက်မှာ။
မောင်ချောနွယ်က လိုက်ရောင်းနေတာမဟုတ်ပါဘူး
သူတို့က လိုက်ဝယ်နေတာပါ
တရားနဲ့မဖြေ တရားနဲ့နေဖို့ပါပဲ
မြှုပ်ထားတဲ့ရွှေအိုးဟာ ရွေ့ရွေ့သွားတတ်ပါတယ်။ ။
၂၀၀၅
စိုင်းဝင်းမြင့်
(ကြယ်ကမ္ဘာရောင်းဝယ်ရေးကဗျာစာအုပ်မှ)

အကိုင်းတစ်ခုတည်း တစ်မြို့စီလွဲလို့

မမြင်ရတော့
ဘာမှ မတွေးခေါ်ဘူး
ဘယ်အရာမဆို ထိစမ်းဖို့
ငါ့လက်တွေ။

လမ်းဆိုတာ သွားဖို့
ဂီတကို ရပ်တန့်လိုက်ရင်
အသက်ဇီဝ ပြတ်တောက်သွားမယ်။

ညို့တက်လာတဲ့ မိုးသားတွေကို
ကိုယ့်ဘက်ပါအောင် ညှိုးယူနေရတာ
ဒီတစ်ခါလည်း
သွေးပျက်ဖွယ်ရာ ခွဲခွာရတယ်။
အိမ်အပြန် အမြန်ယာဉ်က
အခုထွက်မယ်ဆိုတာချည်းပဲ။

တစ်ချက်ခြစ် တစ်ချက်တောက်
နံရံကို အဆက်မပြတ် ထွင်းဖောက်နေတယ်
သေခြင်းမှာ မင်းချိန်းဆိုတယ်ဆိုလည်း
“ပြာ”ဆိုတာ
ဘယ်တော့မှ မစွဲလောင်တော့ဘူး
ရေတံခွန်လို ကြယ်တံခွန်လို
တူနှစ်ကိုယ်တွေ့တုန်း အပျော်မှာ အပြုံးထည့်လိုက်။
ဟိုဖက်စာမျက်နှာမှာ တစ်ခုခု ရေးနိုင်လိမ့်မယ်
ငါ့ လက်ဟာ တုန်ယင်နေတုန်းပဲ။ ။
စိုင်းဝင်းမြင့်
(ရုပ်ရှင်တေးကဗျာ-၂၀၀၃-မတ်လ)

Friday, February 23, 2007

ဆိုက်ရောက်မှုတိုင်းဟာ

မတွေ့တာ ကြာပြီဆိုတော့
မကြာတာ တွေ့နေရတာပေါ့
တွေ့တွေ့နေရတဲ့ သူ့အတွေ့မှာ ကိုယ်လည်းမရှောင်နိုင်
အခုတော့ သူ့အရိပ်တွေ ဘ၀မခြားပဲ ကိုယ်ပြန်စိုက်နေရပြီ
ထူးမခြားနားဘ၀ အခုပဲ လူလဲသွားတာ
လဲသူ သူပဲ ကိစ္စရှိခဲ့ရင်ပေါ့လေ
တဟူးဟူးလေထဲ ကိုယ်လည်းလေနေပြီ လဲနေပြီ
ဝိုင်းကူပြီ စဉ်းစားလို့ရလား အရူးမီးဝိုင်း အရိုင်းမီးကူး
အခုပဲ ချိုးကွေ့ဝင်ရောက် ပျောက်ကွယ်သွားတော့မလို
ကမ္ဘာမှာ ကဗျာက အရာမထင်
ဇာတ်လမ်းက ဖြတ်လမ်းမရှိ
သင်လည်းရာရာစစ အစစအရာရာ အရောတ၀င်
အရတွေကြွယ် အရွယ်တွေကျလို့
လှီးဖြတ်ယူသွားဖို့ အရာပေးထားပါတယ်
စတဲ့နေရာကရောက်တော့ ရောက်တဲ့နေရာက စပျက်ပါတယ်
အပြန်လမ်းဟာ တစ်ခုတည်း တစ်ယောက်တည်း အခြားတစ်ဖက်ဆိုတော့
မမှောင်ခင်ခွဲထွက်ဖို့ပါပဲ
ကြေကွဲညထဲ မောင်းထုတ်လိုက်ရတာ
မိုးရွဲထဲ ထားခဲ့ရတာ (လည်း)
ကိုယ်ဘ၀ကိုယ် ပြန်ရတာပါပဲ။ ။
၂၀၀၅
စိုင်းဝင်းမြင့်
(ကြယ်ကမ္ဘာရောင်းဝယ်ရေးကဗျာစာအုပ်မှ)

Thursday, February 22, 2007

ဘ၀ကုန် ကုန်ထမ်းသမား

အခုလို တက်နေတဲ့အတိုင်း
ဆက်ဆက်ခုန်တက်သွားဖို့ပဲလေ
သံပုရာသီးက စတင်မယ်ဆိုရင်
ဟင်းသီးဟင်းရွက်ကလည်း နေရင်းထိုင်ရင်း ရွှေတွင်းပဲ
အားလုံး စကားကုန်သောက်ကုန်
ကုန်တင်ကုန်ချ အကုန်တင်အကုန်ချ
ဘ၀ကုန် ကုန်ထမ်းသမား ပခုံးသားများ
ရေတစ်တန် ကုန်းတစ်တန် အဝေကြီးက အရောက်ရောက်ခဲ့တာ
ဘဲဥလည်း ဘဲဥအလျောက်
မီးသွေးလည်း မီးသွေးအလျောက်
အရသာကိုတော့ လျှော့မထားဘူး (ဘယ်ဘ၀ရောက်ရောက်)
သံပုရာသီးဟာ အလုံးလည်းမလျော့ အရပ်လည်းမလျော့
နှစ်တစ်ရာပြည့်ခဲ့ပြီ တိုင်းကျော်ပြည်ကျော် သံပုရာသီး
မီးဖိုချောင်ထဲ ရေခဲသေတ္တာထဲ အိမ်ရှင်မဈေးခြင်းထဲ
သံခင်းတမန်ခင်း ဧည့်ခန်းထဲ
အပြွတ်လိုက် အခိုင်လိုက် သီးနေတာ အရည်တရွှမ်းရွှမ်း
ကိန်းဂဏန်းတွေနဲ့ စိမ်းလန်းလို့
တွံ့တေးမာလကာ အောင်ပန်းလိမ္မော် မော်လမြိုင်ကျွဲကော
ပန်းတနော် ကွမ်းလည်းပါတယ်
အားလုံးဟာ ဒေသထွက် အသားတံဆိပ်
မြို့နဲ့ရွာနဲ့ ဘ၀ကို တွဲအော်ရတာ
ဒိုက်ဦးက ဖရဲသီးတစ်လုံးဟာ ရန်ကုန်မှာ တစ်စိပ်
ကျွန်တော်တို့ဟာ တစ်စိတ်တည်း တစ်ဝမ်းတည်း အစိပ်အစိပ်အမွှာမွှာ
ကိုယ့်အတွက်ချည်းပဲ မစားနဲ့ သခင့်အတွက်လည်းစားဆိုတဲ့
ဝက်မွေးသမားတွေလည်းပါတယ်
ကြက်သွန်ဥနီဟာ အရွယ်အစားနဲ့ ဈေးကစားရတာ
နေရာအနှံ့ ခေါင်းဝင်ကိုယ်ဆံ့
နည်းနည်း နည်းနည်း မသိမသာ သိသိသာသာ
အရင်က ဘယ်ဟာ အမြတ်က ဘယ်ဟာ
အရွယ်ကိုလိုက်၍ ဘ၀ကိုချိန်ဆပါ။ ။
၂၀၀၅
စိုင်းဝင်းမြင့်

(ကြယ်ကမ္ဘာရောင်းဝယ်ရေးကဗျာစာအုပ်မှ)

ပန်းကလေးတစ်ပွင့် ဆင့်ကဲဖြစ်စဉ်

ဝင်တိုက်မိသလို ဖြစ်သွားလား
ခွင့်လွှတ်ပါဗျာ
မိုးမမြင် လေမမြင် ကျွန်တော် ဖြစ်နေလို့ပါ
အူမြူးပြီး လှေကားထစ်တွေ ကျော်ကျော်နင်းနေလို့ပါ
တွေ့သမျှကိုလည်း ပြုံးပြမိပါတယ်
ထိစမ်းသမျှကလည်း သိမ့်မွေ့လွန်းလှပါတယ်
စကားတွေလည်း အထစ်ထစ် အငေါ့ငေါ့
ဒီတစ်ခါ ချည်တဲ့ကြိုးက တော်တော့်ကိုခိုင်ပါတယ်
စကြ၀ဠာတစ်ခုလုံးရဲ့ အားပါပဲ
အိပ်ရာဘေး ငဲ့ကြည့်တော့
အိပ်ပျော်နေတဲ့ သမီးလေးဟာ
ချစ်စဖွယ် ငြိမ်သက်လို့
ဝင်သက်ထွက်သက်ဟာ ကျွန်တော့်ကို ထိတွေ့လို့
ကျွန်တော့်ကို အဖမ်းစားနိုင်ဆုံးအရာ ဖြစ်ခဲ့တယ်
ကျွန်တော် ညည ထထစမ်းနေရတာ
ကျွန်တော် ညည ထထကြည့်နေရတာ
ခြေနှစ်ဖက် လက်နှစ်ဖက် တိုင်ပင်နေတယ်
ခြေနဲ့ လက်နဲ့ တိုင်ပင်နေတယ်
အသားလုပ်နေတယ်
စကားကျင့်နေတယ်
လက်ထဲရောက်တာ ပါးစပ်ထဲ ကောက်ထည့်တဲ့အရွယ်
သမီးလေးက တစ်နေ့တစ်မျိုးတတ်တယ်
အခုလည်း ဘာလုပ်လာပြန်ပြီလဲ
အခုလည်း ဘာတတ်နေပြန်ပြီလဲ
ဝူးဝူးဝါးဝါး စကားတွေပြောလို့
နို့သက် နိုင်အောင်စို့လို့
တစ်ရက်ချင်း ရေတွက်နေမိတယ်
လက်တစ်ဝါးမပြည့်သေးလို့ ကြည့်နေတာ
(သူ့အမေက ပြောတယ်)
အတွင်းက တိုးဝင်နေတာ
ကျွန်တော့်ကို လှမ်းကန်လိုက်တာ
ရယ်စရာ ပြောမိသေးတယ်
ချီပုံချီနည်း ပွေ့ပုံပွေ့နည်း
ကျွန်တော်လည်း ဘယ်လိုကိုင်တွယ်ရမယ်ဆိုတာ
ကျီးကန်းဘဲဥချီလာသလို ဖြစ်နေပါပြီနော်
ဒီလောက်သေးသေးလေး လက်တစ်ဆုပ်စာလေး
မွေးခန်းထဲရောက်နေပါပြီ၊ မွေးလမ်းထဲ ရောက်နေပြီဆိုတာ
သိပ်ပြီး ကဗျာဆန်တာပဲ။ ။
၂၀၀၅
စိုင်းဝင်းမြင့်

(ကြယ်ကမ္ဘာရောင်းဝယ်ရေးကဗျာစာအုပ်မှ)