မကျေနပ်ရင် ဘဂ္ဂဒက်သွားနေ
အချိန်ပြည့်ရင်ခုန်နေရတော့
နှလုံးသားအညောင်းမမိဘူးပေါ့
လာ အာမချောင်နဲ့ မသာရဲ့
ယုတ္တိထက်တိကျတဲ့ ယာဉ်တိုက်မှုနဲ့
`မတော်တဆ´တွေ့သွားမယ်
(ဘယ်လိုလဲကွယ် ဒီလိုဝါကျမျိုးတွေ ဘာအတွက် အကျိုးရှိသတုံး
ဖွဲထုံးနဲ့ တနည်းမဟုတ်တနည်း စေ့စပ်ကြောင်းလမ်းသင့်မသင့်)
မွဲပြာပုဆိုးဟာ သူ့ဝမ်းတီးတူးကော် မဟုတ်ဘူးပြောတယ်
လက်ဆုပ်လက်ကိုင်လိုချင်တာ
ခေါင်းစဉ်ကများ ပေးမလားကတိ
ဟုတ်မဟုတ် သူလက်ကိုင်ဆုပ်ထားတယ်ထင်ရတဲ့
ကျွန်တော့်လက်ဟာ သူ့လည်မျိုမှာ
(ဘာသာပြန်ရင် သင့်လည်မျိုပေါ့)
ဖြစ်နိုင်တယ် ဖြစ်ခဲ့တယ်
အလကားပြောတာ ဖြစ်နေပြီ
အပြင်လူအနေနဲ့ ခင်ဗျား ဟောဒီကျွန်တော့်အတွင်းထဲ
ခင်ဗျားရဲ့ လက်တုတစ်ဖက် သံချိတ်ကောက်နဲ့ထိုးဆွနေတာ
ကြိုက်ရဲ့လားဟင်. . .ဟင်. . . ကြိုက်လားဟင်. . .
မေးခွန်းထဲက ကဗျာအသားဟာ
ပိုနှုးညံ့တယ်ဆိုတာ ဆူးညှောင့်တစ်ခုပေါ့
အဲဒီမှာ ဘာမှအပြည့်အ၀မရှိဘူးဆိုတာ
လမ်းကူးရင်း၊ အလေးသွားရင်း၊သံဝေဂလျှော့ရရင်း
ဝက်သားတုတ်ထိုးခြင်းရဲ့ ပွက်ပွက်ဆူ ကိုယ့်လူအရည်ထဲမှာ
ဘယ်ဘ၀တစ်လှီးစာ ခင်ဗျားတုတ်မှာထိုးထားလဲ
နှစ်လိုက်မယ် ငရုတ်ဆီထဲမှာလည်း
သဲကန္တာရကို တစ်ဟုန်ထိုးဖြတ်နေတဲ့
အစမ်းသပ်ခံတင့်ကားတွေ၊ စမ်းသပ်ဖို့ဓာတုတွေ
စမ်းသပ်စရာမဟုတ်တော့တဲ့ ကြက်တုပ်ကွေးတွေ
ဆက်လက်၍ သက်သက်သာ
ဆက်လက်၍ သက်သက်အပြင်
ဆက်လက်၍ သဒ္ဒါစည်းကမ်းထဲက
ပြည်တည်နာကြီး ဆက်တလိုက်က
မြင်ရသတဲ့ မကြောက်ပါနဲ့. . .
ကိုယ်တိုင်ဟာ ရောင်ကိုင်းလို့နေပြီ နေခြည်
ကိုယ့်ကိုယ်ကိုယ်ချိန်တွယ်ကြည့်တိုင်း မပြည့်သေးတဲ့တစ်စိတ်နဲ့
ဘယ်လိုကိုယ်တို့ တစ်ဝမ်းကျမလဲဟင် ကတည်းမှပဲ
ဒက်ဒက်ဒက်မှာပေါ့ကွာ ဘဂ္ဂဒက်ဆိုမှနေမှတော့
ဟိုနာမည်လှလှလေးလည်း ရှိသေးတယ် သိလား
ဟို. . .ဖာလူဒါ. . .အဲလေ. . .ဟုတ်ပေါင်. . .ဖာလူဂျာ။ ။
ဇေယျာလင်း
(၂၀၀၇-မတ်လ-ရုပ်ရှင်တေးကဗျာ)
Showing posts with label ဇေယျာလင်း၏ကဗျာများ. Show all posts
Showing posts with label ဇေယျာလင်း၏ကဗျာများ. Show all posts
Wednesday, March 7, 2007
Thursday, March 1, 2007
ဧရာမ လူ့ဘီလူးကြီး
The Colossus
အဖေ့ကို တစ်ခုလုံး ပြန်ဆက်ဖို့
သမီး ဘယ်တော့မှရမယ် မထင်ဘူး
တစ်စစီကော်ကပ်၊ တစ်ခုစီချိတ်ဆက်လို့။
မြည်းအော်သံ၊ ၀က်မြည်သံနဲ့
ညစ်ညမ်းတဲ့ ကြက်မ ကတော်သံတွေ
အဖေ့ ဧရာမနှုတ်ခမ်းတွေထဲက ထွက်လာတယ်။
ကောက်ပဲသီးနှံ သိုလှောင်ရုံတစ်ဝိုက်
ရောက်နေရသလိုပဲ။
အဖေ့ကိုအဖေ နတ်ကွန်းလို့
ယူဆတယ် ထင်တယ်၊
လူသေတို့ရဲ့ ပါးစပ်ပေါက်၊
နတ်ဘုရားတစ်ပါးပါးရဲ့ ဆက်သွယ်မှု။
နှစ်သုံးဆယ် ကြာပြီ သမီး ကြိုးစားခဲ့တာ
အဖေ့လည်ချောင်းထဲက နုန်းတွေကို
သောင်တူးသလို တူးပြီး ဖယ်ရှားဖို့။
ဒါပေမယ့် သမီး မလုပ်တတ်တော့ဘူး။
လှေကားကလေးတွေထောင်
ကော်ပုံးတွေ၊ Lysol ပုံးတွေသယ်ပြီး
တွယ်တက်လို့
အဖေ့မျက်ခုံးရဲ့ ပေါင်းပင် ထူထပ်တဲ့ မြေဧကပေါ်
ပူဆွေးသောက ရောက်နေတဲ့ ပုရွက်ဆိတ်တစ်ကောင်လို
တွားသွားလို့
ကြီးမားတဲ့ ဦးခွံရိုးအချပ်တွေကို ပြုပြင်ဖို့
အဖေ့ မျက်လုံးတွေရဲ့
ပြောင်သလင်းခါနေတဲ့
သုသာန်ကမူတွေ ရှင်းလင်းဖို့။
သမီးတို့ကို မိုးနေတာက သြရက်စတီးယာ
ကြေကွဲပြဇာတ်ထဲက ကောင်းကင်ပြာပဲ။
အဖေရယ်၊ အဖေဟာ လုံးလုံးကို တစ်ယောက်တည်း
အဖေဟာ တိကျတဲ့ အဓိပ္ပါယ်တွေ ပြည့်ဝလို့
ရောမခေတ်လူထု ရင်ပြင်လို သမိုင်းဖြစ်လို့။
ဆိုက်ပရက်(စ်) ကျောက်ပန်းပင်နက်တွေ ပေါက်တဲ့
တောင်ကုန်းလေးတစ်ခုပေါ်မှာ
သမီး နေ့လယ်စာ ထိုင်စားတယ်။
ဒေါင်လိုက် မြောင်းတွေ ထွင်းထားတဲ့
အဖေရဲ့ အရိုးတိုင်လုံးတွေနဲ့
ဂရိခေတ်ရဲ့ ပန်းပုလက်ရာတွေမှာ တွေ့ရတဲ့
သစ်ရွက်ပုံစံ ဆံပင်တွေမှာ
ရှေးဟောင်းမင်းမဲ့စရိုက်
အမှိုက်တွေပုံလို့
ဟိုး မိုးကုတ်စက်ဝိုင်းတန်းအထိ။
မိုးကြိုးသွားထက် အားပိုလိမ့်မယ်
ဒီလောက်အထိ ယိုယငွ်းပျက်စီးသွားရအောင်။
ညတွေ မှာ အဖေ့ ဘယ်ဘက်နားရွက်ရဲ့
ဣစ္ဆာသယထဲ သမီး ဆောင့်ကြောင့်ထိုင်လို့၊
လေနဲ့ လွတ်ရာမှာပေါ့၊
အနီရောင်ကြယ်တွေ၊ မက်မန်းရောင်ကြယ်တွေ
ရေတွက်လို့။ အဖေ့လျှာရဲ့ ကျောက်ဆစ်တိုင်လုံး
အောက်ကနေ နေထွက်လာတယ်။
သမီးရဲ့ အချိန်နာရီတွေဟာ အရိပ်နဲ့ ထိမ်းမြားလို့။
ဆိပ်ကမ်းရဲ့ ကျောက်တုံးတွေပေါ်
လှေဧရာရဲ့ ပွတ်ခြစ်သံကို
သမီး နားမစွင့်တော့တာ ကြာပါပြီ။
၁၉၆၀
(SYLVIA PLATH-ဆစ်လ်ဗီယာ ပလာ့သ် ကဗျာများအား ဇေယျာလင်းဘာသာပြန်သည်။)

Monday, February 26, 2007
သွေးရူးသွေးတမ်း
Maenad(from poem for a birthday)
တစ်ချိန်တုန်းက ကျွန်မဟာ သာမန်ပဲ
ကျွန်မအဖေရဲ့ ပဲတောင့်ပင်ဘေးမှာထိုင်
ဉာဏ်ပညာ အမြော်အမြင် လက်ချောင်းတွေ စားသုံးတယ်။
ငှက်တွေဟာ နို့ရည်ပြုလုပ်တယ်။
မိုးခြိမ်းတဲ့အခါ
ပြားချပ်ချပ်ကျောက်တုံးတစ်တုံးအောက်မှာ ၀င်ပုန်းတယ်။
ပါးစပ်တွေရဲ့ မိခင်က ကျွန်မကို မကြိုက်ဘူး။
အဘိုးကြီးဟာ အရုပ်ကလေးတစ်ရုပ်အရွယ်
သေးကျုံ့သွားခဲ့တယ်။
ကျွန်မ နောက်ပြန်သွားလို့ မရတော့အောင် ကြီးထွားလွန်းခဲ့ပြီ။
အခုတော့သိပြီ
ငှက်နို့ရည်ဟာ ငှက်မွေးတွေပဲ
ပဲတောင့်ပင်၇ွက်ဟာ လက်တွေလိုထုံအ။
ဒီလထဲမှာ အသုံးဝင်တာ မရှိသလောက်ပဲ။
စပျစ်ရွက်တွေထဲမှာ လူသေတွေ မှည့်လာကြတယ်။
ကျွန်မတို့ကြားမှာ အနီရောင် လျှာတစ်ချောင်းရောက်နေပေါ့။
အမေ၊
ကျွန်မရဲ့ ကောက်ပဲသီးနှံ သိုလှောင်ရုံအနားတောင် မကပ်ပါနဲ့။
ကျွန်မဟာ အခြားတစ်ယောက် ဖြစ်လာနေပြီ။
ခွေးခေါင်းငဲ့၊ ကိုက်ဖဲ့စားသောက်ပစ်သူငဲ့၊
ကျွန်မကို အမှောင်ရဲ့ ဘယ်ရီသီးတွေ ကျွေးလော့။
အဖုံးအခွံတွေဟာ မပိတ်ကြဘူး။ အချိန်ကာလာဟာ
နေလုံးကြီးရဲ့ ဧရာမချက်ထဲက
သူ့ရဲ့ မဆုံးနိုင်တဲ့ ပြိုးပြိုးပြက်ပြက်တွေ ဖြည်ချတယ်။
အားလုံးကို ကျွန်မ
မျိုချပစ်ရမယ်။
အို. . .ဂုဏ်သရေရှိ အမျိုးကောင်းသမီးငဲ့
လရဲ့စည်ပိုင်းထဲက အဲဒီသူစိမ်းတွေဟာ ဘယ်သူတွေလဲ
အိပ်မောကျ မူးနေလိုက်ကြတာ
ခြေတံလက်တံတွေ နေရာတွေ လွဲနေလိုက်ကြတာ။
ဒီအလင်းရောင်ထဲမှာ သွေးဟာ မည်းနက်။
ကျွန်မဘယ်သူလဲ
ကျွန်မနာမည်ကို ပြောပါရှင့်။
၎၊နိုဝင်ဘာ၊ ၁၉၉၅

Sunday, February 25, 2007
ဇူဇကာ
The Glutton
သူ
ဆာလောင်မွတ်သိပ်တုပ်ခံရ
အာသာဖြေမရတာ
ကျွန်မရဲ့ ကံဆိုးမိုးမှောင်နဲ့အတူ ကွက်တိပဲ
သာမန်လူတစ်ယောက်မရှိနိုင်တဲ့ အပူဓာတ်
သူနဲ့ကျတော့ တစ်သားတည်း
ဒီအတွက်မို့ ကျွန်မဟာ
သူ့အရသာအတွေ့ဆုံး ဟင်းခတ်အမွှေးအကြိုင်တွေနဲ့
နာနာလေးနယ်ထားတဲ့
အသားတုံးကြီးသက်သက်ဖြစ်နေရတာကိုက
ကောင်းကျိုးတစ်ခုလို့ ဆိုရမလား။
သွေးသားရဲ့ ဟင်းသီးဟင်းရွက် အသားပြုတ်ရည်
သူ့လက်နဲ့ ခိုးယူခဲ့၊
အကောင်းဆုံး ခရစ္စမတ်ပွဲတော် စားသောက်ပွဲကြီး
ပူပူနွေးနွေးချက်ပြုတ်ပြုလုပ်၊
သူ့ပါးစပ်ထဲ
ပလုပ်ပလောင်းသွင်းထည့်။
အရသာပြည့်စုံလှတဲ့ နပ်တိုင်းထဲမှာ
ကောင်းပေ့အသားပိုင်းတွေ ထည့်ချက်ပေမယ့်
သူဟာ ဘာမှ ချမ်းသာမပေး။
သူ့အလိုဆန္ဒကို
တစ်ပြားသားမှ မလျော့ပါးစေတာဟာ
မွှေနှောက်ခံရတဲ့ ကြောင်အိမ်လေးခမျာ
ဂျင်းတစ်တက် ကြက်သွန်တစ်ဥမကျန်
ပြောင်းသလင်းခါသွားရရှာတဲ့အထိပါပဲ။
၁၉၅၆

Friday, February 23, 2007
သားကောင်
Pursuit
ကျားသစ်နက်တစ်ကောင် ချောင်းမြောင်းအမဲလိုက်နေတာ
ကျွန်မကို
တစ်နေ့ သူ့ကြောင့်ပဲ ကျွန်မသေရလိမ့်။
သူ့လောဘဟာ တစ်တောလုံးကို မီးဟုန်းဟုန်းတောက်
သူ့ချောင်မြောင်းသွားလာပုံဟာ နေလုံးကြီးထက်တောင်
ဝင့်ဝါခန့်ညား။
သူ့ခြေလှမ်းတွေဟာ နူးညံ့လွန်း ညက်ညောလှ
ကျွန်မနောက်မှာ အမြဲတမ်းလိုက်နေတာ။
ရိုးတံငေါငေါ ဟဲမ်လော့(က်) အဆိပ်ပင်ကနေ
ကျီးအတွေ အကြီးအကျယ်ပျက်ဆီးခြင်းကို ဖားတွေလိုအော်။
အမဲလိုက်ပွဲစပြီး၊ ထောင်ချောက်စင်ပြီးပြီလေ။
ဆူးခက်ချုံတွေကြား အရေခွံတွေ ဆုတ်ပြဲလို့
ကျောက်ဆောင်ကျောက်သားတွေပေါ် ကျွန်မ ခရီးကြမ်းနှင်၊
ပူလောင်ပြင်းပြမွန်းတည့်ဖြူထဲ ပင်ပန်းနွမ်းနယ် မျက်နှာချောင်ကျ
သူ့သွေးပြန်ကြောတွေရဲ့ အနီရောင်ကွန်ရက်တစ်လျှောက်
ဘယ်လိုမီးတောက်တွေ တောက်လောင်နေတာလဲ
ဘယ်လိုတဏှာဆန္ဒတွေ ထကြွသောင်းကျန်းနေတာလဲ။
အတောမသတ်နိုင်အောင်ဘဲ သူစီးနင်းလုယက်နေပေါ့
ကျွန်မတို့ရဲ့ မျိုးရိုးစဉ်လာအဖြစ် ဒဏ်ခံနေရတဲ့ မြေပြင်ကို၊
ပြီးတော့ အော်ဟစ်နေပေါ့ သွေးမြေကျပစေ
သွေးမြေကျမှ ကျေနပ်မယ်တဲ့။
သူ့ပါးစပ်ရဲ့ အစိမ်းသက်သက် ဒါဏ်ရာကြီးမှာ
အသားတွေအလျှံပယ်နေရမယ်တဲ့။
ကိုက်ဖြဲတဲ့သွားတွေဟာ ထက်ရှ
သူ့သားမွေးရဲ့ မီးကျွမ်းဝေတဲ့ အမျက်ဒေါသဟာ ချိုမြိန်လှရဲ့၊
သူ့အနမ်းတွေဟာ ခြောက်သယောင်သွားစေတယ်၊
သူ့ဖ၀ါးတစ်ခုစီဟာ ဆူးခြုံတွေ၊
အဲဒီအာသာဆန္ဒကို ပြီးပြည့်ဝစေမယ့်အရာဟာ
လုံးဝပျက်သုဉ်းခြင်းပဲ။
ဟောဒီ တောရိုင်းကျားသစ်နက်ရဲ့ လမ်းကြောင်းမှာ
သူ့ပျော်ရွှင်မှုအတွက် မီးတုတ်တွေလို ထတောက်ကြပြီး
မီးကျွမ်းကျီးနက်တွေလိုဖြစ်ကျန်ခဲ့ကြတဲ့ မိန်းမတွေဟာ
အစာရေစာ ငတ်မွတ်ခေါင်းပါးနေတဲ့ သူ့ခန္ဓာရဲ့
ထောင်ချောက်ဆင်ထောင်ဖမ်းစာတွေပေါ့။
အခု တောင်တန်းတွေဟာ အန္တရယ်တွေကို ဥမှ ပေါက်ချ
အရိပ်ဥတွေ ဥ ဥ ချ၊
ညသန်းကောင်းဟာ ရမ္မက်ထန်တောအုပ်လေးကို ၀တ်ရုံနဲ့ဖုံးအုပ်
အနက်ရောင်ဓားပြ၊ မွှတ်နေတဲ့ တင်ပါးဆုံတွေရဲ့
အချစ်ဆွဲငင်ခြင်းခံရ၊ ကျွန်မရဲ့ ပြေးနှုန်းအတိုင်း
သူလည်းထပ်ချပ်မကွာ။
ကျွန်မမျက်လုံးတွေရဲ့ ထွေးလုံးရှုပ်ယှက်နေတဲ့ ချုံနွယ်ပိတ်ပေါင်း
နောက်ကွယ်မှာ
ကိုယ်ခန္ဓာ ပျော့ပျော့ပျောင်းပျောင်းနဲ့ မိန်းမငယ်လေးတစ်ယောက်
ချောင်းမြောင်းနေပြန်ပေါ့
အိပ်မက်တွေရဲ့ ချုံခိုတိုက်ခိုက်ခြင်းထဲမှာ
အသားကို ကုပ်ခြစ်ဆုတ်ဖြဲတဲ့ လက်သည်းချွန်ထက်တွေ
တောက်ပ
ပေါင်တံတွေတင်းလို့
ဆာ ဆာ ဆာလောင်မြိုက်လို့နေကြပေါ့။
သူပြင်းပြတဲ့စိတ်ဆန္ဒဟာ ကျွန်မကို ညွှတ်ကွင်းထောင်ဖမ်းတယ်
သစ်ပင်တွေကို ထွန်းလင်းစေတယ်
ကျွန်မရဲ့ မီးဟုန်းဟုန်းတောက်ထအရေပြားနဲ့
ရှောင်တိမ်းထွက်ပြေးရတော့တယ်။
အဲဒီ အ၀ါရောင် စူးရဲအကြည့်ဟာ ကျွန်မကို သံပူကပ်
တံဆိပ်ခတ်နှိပ်လိုက်တဲ့အခါ
ဘယ်ငြိမ်သက်မှု၊ ဘယ်အေးမြမှုဟာ ကျွန်မကို သက်သာရာ
ပေးနိုင်တော့မှာလဲ။
သူ့ခြေလှမ်းတွေရပ်စေဖို့ ကျွန်မနှလုံးသားကို ပစ်ကျွေးလိုက်တယ်
သူ့ရေငတ်မွတ်မှုကို တင်းတိမ်စေဖို့ ကျွန်မသွေးတွေဖြုန်းပစ်တယ်
သူ စားလာစားရဲ့။ စားပေမယ့်လည်း မတင်းတိမ်
လုံးဝဥဿုံ၊ ယဇ်တင်ရမယ်တဲ့ အကြပ်ကိုင်။
သူ့ စကားသံဟာ ကျွန်မကို ချုံခိုတိုက်ခိုက်၊ ကျွန်မကို ပြုစား
မိန်းမောစေတယ်။
မီးကျွမ်းတောအုပ်ဟာ ပြာလုံးလုံးကျသွားတော့တယ်။
လျှို့ဝှက်ဆန္ဒကြောင့် ထိတ်လန့်တုန်လှုပ်ရ
ဒီလောက် ရွှန်းလဲ့တောက်ပမှုတွေနဲ့ အဓမ္မပြုခြင်းကနေ
ခြေကုန်သုတ်ထွက်ပြေးရတဲ့ ကျွန်မ။
ကျွန်မကိုယ်တိုင်ရဲ့ ကြောက်ရွံ့ခြင်းများမျှော်စင်ထဲ ကျွန်မ
အတင်းပြေးဝင်
အဲဒီ မှောင်မိုက်တဲ့အပြစ် စိတ်ကြီးဝင်လို့မရအောင် တံခါးတွေ
မင်းတုန်းချလိုက်တယ်။
အကုန်မင်းတုန်းချလိုက်တယ် ကျွန်မရဲ့တံခါးပေါက် တစ်ပေါက်စီကို
ကျွန်မနားထဲ မောင်းလိုမြည်ဟိန်း
ပွက်ဆူနေတာ ကျွန်မသွေးတွေ။
ကျားသစ်နက်ရဲ့ ခြေသံတွေ
တစ်ဆင့်ပြီးတစ်ဆင့် တက်လာနေ
လမ်းကြောင်းပေးတဲ့ လှေခါးထစ်တွေ။ ။

ဓာတ်ဆီမရှိတဲ့သူဟာ ဘယ်ကားမှမသယ်ဆောင်နိုင်ဘူး
ကမ္ဘာတစ်ခုထဲ ဖောက်ထွင်းဝင်ဖူးလား
ဖက်ရှင်ကို သံသယတစ်ဝက်နဲ့ ချစ်တတ်ပြီလား။
သံသယဆိုတာ ဘာလုပ်ရမယ် မသေချာခင်
အားယူစောင့်ဆိုင်းခြင်း(အိုပရာဝင်းဖရီး)
တစ်စိတ်တစ်ပိုင်းအားဖြင့်
ဘယ်လိုပဲဝင်ပါရ ၀င်ပါရ၊ ဘ၀ဆိုတဲ့အင်္ကျီ
အရောင်တစ်မျိုးတည်း ဖြစ်ရင်တောင်မှ
ဘယ်လိုဝတ်ကြသလဲ
အထူးသဖြင့် ဓာတ်ပုံအရိုက်ခံရတော့မယ်ဆိုရင်
ဖတ်သူတစ်ယောက်ပြီး တစ်ယောက်စုရင်း
ကဗျာကို စည်းရုံးခဲ့ရတာပဲပေါ့ (ဟုတ်ဘူးလား)
ကျွန်မကတော့ ပန်းသီးရည်နဲ့
ခပ်ပြင်းပြင်းအရက်ရောထားတဲ့ဘ၀ကို ကြိုက်တယ်
ရှင်ရော . . .
ငါတို့ရဲ့ ဘော့စ်၊ ငါတို့ရဲ့ ဘုရားသခင်
သမ္မတလောင်း၊ (H5NIအမျိုးအစားငှက်တုပ်ကွေး)သူမောင်းလိမ့်မယ်
ဒဲ့ပြောတာကြိုက်ရင်ခင်ဗျားမှာ ဓာတ်ဆီဘယ်လောက်ပါသလဲ။
ဇေယျာလင်း
ရုပ်ရှင်တေးကဗျာ၊အောက်တိုဘာ၊၂၀၀၆

Thursday, February 22, 2007
ဆောင်းရာသီ ရှုမျော်ခင်းနှင့် ကျီးအ များ
Winter Landscape With Rooks
ကျောက်သားရေတံခါးကတစ်ဆင့်
ကြိတ်ဆုံထဲ စီးဆင်းတဲ့ရေစီး
အနက်ရောင် ရေကန်ထဲ ဒရဟောစီးဝင်တယ်။
အဲဒီရေကန်ပေါ်မှာ
ဆင်ခြင်တုံတရားနဲ့ ဆက်စပ်မရ
ရာသီလည်း လွဲနေတဲ့
တစ်ကောင်တည်းသော ငန်း
နှင်းလို အကျင့်သီလစင်ကြယ်စွာ ရေပေါ်မှာ ညင်သာရွေ့လျား။
အဲဒီ အဖြူရောင်ထင်ဟပ်မှုကို
ဆွဲချလိုစိတ် မွတ်သိပ်နေတဲ့
နောက်ကျိစိတ်ဟာ
ပို မခံချိမခံသာ ခံစား။
ခြိုးခြံလွန်းတဲ့ နေလုံးကြီး
စိမ့်မြေပေါ်မှာ ၀င်နေပေါ့။
လိမ္မော်ရောင် ဆိုကဆောင်းရာသီ ရှုမျော်ခင်းနှင့် ကျီးအ များ

လိမ္မော်ရောင် ဆိုက္ကလော့(ပ်) ဘီလူးမျက်လုံးတစ်လုံး
စိတ်ပျက်ညစ်ညူးရတဲ့ ဒီရှုခင်းကို
အထင်သေး
တာရှည်ကြည့်ချင်ပုံမရ။
ကိုယ်တိုင်ငှက်မွေးတွေခြုံ အတွေးနှစ်လို့
ကျွန်မဟာ ကျီးအ တစ်ကောင်လို
ကြွစောင်းစောင်းနဲ့ တအုံနွေးနွေး၊
ဆောင်းည တဖြည်းဖြည်း ကျလာပေါ့။
ပြီးခဲ့တဲ့ နွေရာသီရဲ့ ကျူပင်တွေ
ရေခဲထဲမှာ ထွင်းထားသလို
ရှင့်ရုပ်ပုံဟာလည်း ကျွန်မမျက်လုံးထဲမှာ အဲသလိုအတိုင်း။
နှင်းခါးခြောက်တွေဟာ
ကျွန်မ နာကျင်မှုရဲ့ ပြတင်းပေါက်က မှန်သားပေါ့။
နှလုံးသားရဲ့ ကောမြေ
ပြန်လည်စိမ်းလန်စိုပြေရေးလား၊
ကျောက်သားထဲက
ဘာ သက်သာစရာ ထွင်းယူရရှိနိုင်မှာလဲ။
မျှော်လင့်ချက်တွေ ခြောက်သယောင်းသွားတဲ့
ဟောဒီအရပ်မှာ
ဘယ်သူ လျှောက်လှမ်းချင်မှာလဲလေ။ ။

အဆောက်အအုံပျက်ကြားမှာ စကားပြောခြင်း
Conversation Among The Ruins
ကျက်သရေရှိလှတဲ့
ကျွန်မအိမ်ရဲ့ ဆင်ဝင်အောက်ကနေ
ရှင်ဟာ ရှင့်အရိုင်းအစိုင်းဒေါသတွေနဲ့
အမြဲလို ချောင်းမြောင်း။
သစ်သီးပန်းကုံးတွေ
သာယာနာပျော်ဖွယ်ရာ တူရိယာတွေ
ဥဒေါင်းငှက်တွေကို
လိုက်လံနှောင့်ယှက်တယ်။
လေဆင်နှာမောင်း
လေဆင်နှာမောင်းကို ဟန့်တားထားတဲ့
တင့်တောင်းတင့်တယ် နေထိုင်မှု ကန့်လန့်ကာကို
ရှင်ဆုတ်ဖြဲပစ်လိုက်တယ်။
အခု. .ကြွယ်ဝခမ်းနားတဲ့
စည်းစနစ်ကျနမှုနံရံ
ပြိုလဲခဲ့ရပြီ။
ကြောက်လန့်ဖို့ကောင်းတဲ့
အဆောက်အဦးရဲ့ အယိုအယွင်းတွေပေါ်မှာ
ကျီးအ တွေ အာလို့။
ရှင့်ရဲ့ မုန်းတိုင်းထန်မျက်လုံးထဲက
မသာမယာ အေးခဲအလင်းထဲမှာ
နေ့စစ်စစ်တွေ ထွက်လာတဲ့အခါ
ရဲတိုက်ကနေ
စိတ်ပျက်လက်ပျက်ထွက်ခွာသွားတဲ့
စုန်းမလို
မှော်ပဉ္စလက်ဟာ
ထွက်ခွာရှောင်တိမ်းပြေးသွားပြီ။
အပိုင်းပိုင်းအပြတ်ပြတ်
ကျောက်တိုင်တွေဟာ
ကျောက်သားမြင်ကွင်းကို
ဘောင်ခတ်ပစ်လိုက်ပြီ။
ကုတ်အင်္ကျီနဲ့ လည်စီးနဲ့
ရှင်ဟာ
ပီဘိသူရဲကောင်းကြီးလို မတ်တတ်ရပ်နေခိုက်
ကျွန်မဟာ
ဂရိကိုယ်ကျပ်အင်္ကျီနဲ့
နှောင်တည်းခံဝိညာဉ်နဲ့
ရှင့်ရဲ့အကြည့်မဲကြီးထဲ
မလှုပ်မယှက်ဝံ့
သေသေ၀ပ်ဝပ်လေးထိုင်လို့။
ဇာတ်လမ်းဟာ
အော့နှလုံးနာဖွယ်ရာဖြစ်ခဲ့ပြီ။
ဘာဆိုဘာမှမရှိတော့တဲ့
ကျွန်မတို့ရဲ့ အခြေအနေအပေါ်
ဒီလောက်အပျက်ကိန်းကြီး
ထပ်ဆိုက်ပြီးမှတော့
ဟောဒီ အပျက်အယွင်းကြီးတစ်ခုလုံးကို
ဘာတခမ်းတနား စကားလုံးတွေနဲ့ ရှင် ပြန်ဖာထေးလို့ ရနိုင်တော့မှာလဲ။ ။
(၁၉၅၆)(SYLVIA PLATH-ဆစ်လ်ဗီယာ ပလာ့သ် ကဗျာများအား ဇေယျာလင်းဘာသာပြန်သည်။)

Subscribe to:
Comments (Atom)