Saturday, February 24, 2007

မြို့ည

ပုရိသတွေကို စက္ခုနဲ့ သံဝါသပြုဖြစ်အောင် ဆွဲဆောင်နေတဲ့
အရက်ကြော်ငြာ၊ ဝေါလ်ရှိ၊ ပိုစတာများ ၀တ်ဆင်၊
တခါတရံတွင် (ရူးချင်ယောင်ဆောင်ပြီး)ကြယ်ရောင် လရောင်ကို သူ့ကိုယ်ပေါ်ဆလိုက်ထူးခိုင်းထား
ကိုယ့်ကိုယ်ကိုတောင် ပြန်ရောင်းချချင်စိတ်ပေါက်လာအောင်
နားနှစ်ဖက်ထဲ အကြားအလပ်မရှိ ရိုက်သွင်းနေတဲ့ ပလက်ဖောင်းပေါ်က ဈေးခေါ်သံ
“ဟန်”ကို “အသံ” အဖြစ် ထည့်သိုထားတဲ့ စူပါမားကတ်တွေပေါ်က ရှိုးကေ့စ်
အိပ်မွေ့အချခံ ရိုးသားခြင်း
ကဖီးအေရိုမားက “ကပါချီနို” တစ်ခွက်
လူကူးမျဉ်းကြားစည်း အပြင်ဘက်က အလျင်စလိုခြေလှမ်းများ
ကိုယ်ပိုင်ကားတွေရဲ့ အဆောတလျင် ဘရိတ်အုတ်သံတကျွိကျွိ
တစ်နေ့စာအနွမ်းတွေ မဆန့်မပြဲတင်ဆောင် တအိအိထွက်သွားတဲ့ မြို့ပြင်ဘတ်စ်ကား
မီးခွက်ဈေးဆိုလား၊ ညစာကျော်အစာတွေကများ
ကိုရီယားကားနဲ့ ညဥ့်ဦးယံရေဒီယိုအသံလွှင့်ချိန်အတွက် အိမ်ပြန်ချိန် ခြေလှမ်းသွက်သူမရှား
ဘားတွေမှာ ကား၊ လူ စည်ပင်လျှက်
ပလက်ဖောင်းနှုတ်ခမ်းသားမှာတော့ မိတ်ကပ်လူး အချိုရည်တွေဟာ ဆူပွက်
လာဗျို့
ကျွန်တော့်အိမ်မှာ (အလင်းရောင်နည်းနည်းနဲ့ပဲ)တစ်ညလိုက်အိပ်လှည့်
အစိုးမရပါဘူးလို့ ခင်ဗျားပြောပြောနေတဲ့ လေတိုက်ခံတိမ်တွေကို
ညဘက်မှာ (ဘယ်သူတွေမြင်ဖူးခဲ့လဲလို့) ချောင်းမြောင်းကြည့်ရှုကြရအောင်။
ပျော်လား
ငြိမ်အေးအိမ်

(၂၀၀၆-ဒီဇင်ဘာ-Faces)

No comments: