Friday, March 16, 2007

မေးခွန်းက ကမ္ဘာကျော်မှာလား

လူ ၁၂ ယောက် မေးခွန်း ၁၂ ခု မေးခဲ့တယ်
ဘယ်ညာ လက်တစ်စုံ
တစ်မိနစ်အတွင်း ကျရောက်သော စကားလုံး
နောက်. . .ကောင်းတာတစ်ခုက ကဗျာဟာ ဘယ်တော့မှ
ခေတ်ရေစီးမဖြစ်နိုင်ဘူး
တကယ်လို့ ဒီကဗျာကို ခင်ဗျားမကြိုက်ရင်
ခင်ဗျားနှစ်သက်ဖို့
အခြားကဗျာ အမျိုးအစား သန်းနဲ့ချီပြီးရှိတာပဲ
ပထမဆုံးဖတ်ဖြစ်တဲ့ ကဗျာက. . .
ဟာ တော်တော်ခက်ခဲတဲ့ မေးခွန်းပဲ
ကဗျာရဲ့အရသာကို ငါသိလို့
မေးခွန်းကနေ မွေးခန်း အဓိပ္ပါယ်ရှိသေးတယ်
မေးခွန်းကနေ ခေးမွန်းဆိုရင် ဘာအဓိပ္ပါယ်
ကဗျာဆိုတာ မေးခွန်းတစ်ခုအထိ ရောက်လာစရာ
အကြောင်းမရှိဘူး
ကဗျာပရိသတ်ထဲ သူ့မေးခွန်းကျန်ခဲ့စေရန်
ခဏမျှ ရပ်နားလိုက်သည်
ပြောသူနှင့် နားထောင်သူကြားတွင်ပင် အဓိပ္ပါယ်
ပြောင်းသွားသဖြင့်
စိုင်းဝင်းမြင့်
(၂၀၀၇-မတ်လ-မဟေသီ)

ဆန်နီနှစ်ယောက်

ခရမ်းက
ပဲခူးက လမ်း ၃၀ ထိပ်မှာ
ငါက ရန်ကုန်သစ်
အောင်ဇေယျ ၂ လမ်းထိပ်မှာ

ကမ္ဘာကြီးက
ရယ်ဒီမိတ်တွေနဲ့ ရေးကြီးသုတ်ပျာ
ငါက
အလှကုန်တွေနဲ့
စပ်ဖြီးဖြီး
ယိုစီးပြီး အကြောငုပ်နေတယ်

လူအဖြစ်
မြေကြီးပေါ် အမြစ်စွဲအောင်
ထူထောင်ရတဲ့စရိတ်က ကြမ်းတယ်
အရိပ်လို
လွယ်လွယ်လိုက်ဖမ်းလို့မရဘူး
ငါတိုစားကျက်ထဲ
ရောင်းရောင်းဝယ်ဝယ် ဘယ်ဝါသနာပါမလဲ
အဆင်ပြေသလို
ထင်းလည်း မခုတ်တတ်
ရွှေပေလွှာပေါ် စာရင်းလည်း မရှုတ်တတ်သူတွေ

ဒီနေ့
ကဗျာတစ်ပုဒ် ဒေါ်လာတစ်ရာပေးစမ်း
ငါနဲ့ခရမ်း
ချက်ချင်း
နင်းထားတဲ့လမ်း ဆွဲဆုတ်ပစ်မယ်

လောလောဆယ်ဆယ်
ငုတ်တုတ် ဖြန့်ခင်းထားတဲ့အတိုင်း
ခင်ဗျားလည်း ဆန်နီ
ကျွန်တော်လည်း ဈေးသည်
ခရမ်းရေ. . .
ရယ်ရယ်မောမော မိုးချုပ်ကြတာပေါ့။ ။

မင်းချမ်းမွန်
(၂၀၀၇-မတ်-မဟေသီ)

တီဘီကြည့်ခြင်း

ကျွန်တော့်အိမ်မှာ
တီဘီတစ်လုံးမှမရှိပါဘူး
ဒါပေမဲ့. . .
တစ်နှစ်နဲ့ ခြောက်လလုံးလုံး
ကျွန်တော်တို့မိသားစုအားလုံးထိုင်ကြည့်စရာ
အငယ်ဆုံးသမီးလေးမှာတော့
တီဘီတစ်လုံးရှိလေရဲ့
တီဘီအမျိုးအစားအမည်က
“အရိုးတီဘီ”တဲ့
အဲဒီ အရိုးတီဘီတစ်လုံးကို
အသည်းနှလုံးနဲ့နေ့စဉ်ထိုင်ကြည့်ရင်း
မြင်ကွင်းတွေကို အန်ချပစ်လိုက်တာ
မိဘမေတ္တာပဲပြန်အမ်းစရာကျန်တော့တယ်။ ။

နောင်ဝင်းထွန်း
(၂၀၀၇-မတ်-ရွှေသမင်)

မှော်သေတ္တာ

မိုးရေတစ်စက်က
ပင်လယ်နဲ့ သမုဒ္ဒရာကို သိမ်းထားတယ်။

သစ်စေ့ကလေးတစ်စေ့က
အမြဲစိမ်းတောကြီးကို သိမ်းထားတယ်။

ခြေတစ်လှမ်းက
ခရီးမိုင်ပေါင်းတစ်သန်းကို သိမ်းထားတယ်။

ပိတ်ထားတဲ့တံခါးတစ်ချပ်က
ပွင့်သွားမယ့် မိုးကောင်းကင်ကြီးကို သိမ်းထားတယ်။ ။

မိုဃ်းဇော်
(၂၀၀၇-ဖေဖော်ဝါရီ-ရတီ)

အချိန်မရသူတစ်ယောက်

“အချိန်မရဘူးတဲ့”
လမင်းနဲ့ကြယ်ပွင့်တွေကို မော့မကြည့်ဖြစ်ဘူး။
ကိုယ့်အနားမှာ ပန်းတွေပွင့်လာတာ မသိလိုက်ဘူး။
လေပြည်လေညင်းတိုက်ခတ်သွားတာ မခံစားနိုင်ဘူး။
ရုပ်ဖွဲ့စည်းပုံ သိမ်မွေ့သလောက်
စိတ်ဖွဲ့စည်းပုံ မသိမ်မွေ့နိုင်တော့ဘဲ
အချိန်မရဘူးဆိုတဲ့ စကားပဲပြောတော့တယ်။
ဘာအတွက် အချိန်မရတာပါလိမ့်
လူ့ဘ၀ဖြစ်တည်ပုံ ကြည့်မကောင်းဘဲ
နိဂုံးချုပ်ရ၊ ပြီးဆုံးရပြန်ဦးတော့မယ်။ ။

ထွန်းဝေမြင့်
(၂၀၀၇-ဖေဖော်ဝါရီ-ရတီ)

လှောင်အိမ်

စိတ်ကို ပန်းချီကားထဲ ထည့်ထားတာပါ။
စိတ်က လွမ်းနေတော့
အရောင်တွေလည်း လွမ်းတာပေါ့။
စိတ်က မှိုင်းနေတော့
အရောင်တွေလည်း မှိုင်းတာပေါ့။
စိတ်က ဆွေးနေတော့
အရောင်တွေလည်း ဆွေးတာပေါ့။
စိတ်က အုံ့နေတော့
အရောင်တွေလည်း အုံ့တာပေါ့။
စိတ်က နာနေတော့
အရောင်တွေလည်း နာတာပေါ့။
စိတ်က ငိုနေတော့
အရောင်တွေလည်း ငိုတာပေါ့။
စိတ်က လွင့်နေတော့
အရောင်တွေလည်း လွင့်တာပေါ့။
စိတ်ကို ပန်းချီကားထဲ ထည့်ထားခဲ့တာပါ။
ဒါပေမဲ့
စိတ်က ပန်းချီကားထဲက ထွက်ပြေးသွားတယ်လေ။
နောင်ဆိုရင်
အရောင်တွေကို
လှောင်ပိတ်ထားလို့ရမှာ မဟုတ်တော့ပါဘူး။ ။
(ပိပိသို့ . . .)
အောင်ဝေး
(၂၀၀၇-ဖေဖော်ဝါရီ-ရတီ)

စည်းအပြင်ကလူ

အခြေအနေက
လူကိုပလက်ဖောင်းပေါ်နေရာရွှေ့ထားတယ်
ဘာဖြစ်လဲ
ငရဲဆိုလည်း အရသာအသစ်
နိဗ္ဗာန်ဆိုလည်း
အတွေ့အကြုံအသစ်ပေါ့
ပန့်ခ်ရော့ခ်တေးကို လေချွန်လို့
နတ္ထိဝါဒီစာတန်းနဲ့ သွေးအေးမိတယ်။
လူ့ဘ၀ဆိုတာ
လေယာဉ်ပျံပေါ်ကကြည့်တော့ ကမ္ဘာမြေပြင်
ကမ္ဘာမြေပြင်ကကြည့်တော့နတ်ဘုံနတ်နန်း
ကိုယ့်အဓိပ္ပါယ်က
မူရင်းအတိုင်းပဲ။
တခြားလူတွေမြင်လား
လျှာဖျားလေးနဲ့ လျက်တာလောက်တော့
ရယ်တာပေါ့
လူပြိန်းဦးနှောက်နဲ့
ပြောတာလောက်တော့ ရယ်တာပေါ့
ပါဝါမျက်မှန်ချင်းမတူလို့
လောကအမြင်ချင်းမတူတာ
အနုပညာကို ပိုက်ဆံအိတ်ထဲကနှိုက်ယူလို့
မရသလို
ဉာဏ်ပညာဆိုတာ
ကျမ်းစာအုပ်တွေထဲက ထွက်လာတာမှ
မဟုတ်ဘဲကိုယ့်လူ။
ရယ်ဒီမိတ်အင်္ကျီဝတ်လို့
ဝံပုလွေနံထွက်နေတဲ့ အရေပြားတွေကြား
ကိုယ်ကဂျင်းန်ပင်အဟောင်းနဲ့ဆိုပေမယ့်
လူကြီးလူကောင်းစိတ်မွေးသူ
မင်းလည်းဒီလိုဘ၀င်မျိုးနဲ့ပဲမဟုတ်လား။
ဘယ်လိုတံဆိပ်နဲ့ဖြစ်ဖြစ်
ကိုယ့်သွေးသားက ကြွပ်ဆပ်တယ်
ကိုယ့်အရိုးကရင့်တယ်။
အခုလည်း
ပလက်ဖောင်းပေါ် ဆောင့်ကြောင့်ထိုင်လို့
လူလောကကို ရယ်သွေးသွမ်းနေပုံ
မိန်းမဆန်ဆန်
စကားလုံးတွေနဲ့ ပစ်ပေါက်ချင်စိတ် မဖြစ်မိ
ဘူးလား
“ဟား- -ဟား- -ဟား”

အောင်ရင်ငြိမ်း
(၂၀၀၇-မတ်လ-ရွှေသမင်)