အချိန်ရင့်လေ အလွမ်းရင့်လေပါပဲ။
မျိုးခွဲထားတဲ့ ဒီအလွမ်းက
အလှမ်းဝေးအရပ်မှ သက်ရှိဒြပ်ရှိ
အော်သံများဖြစ်တယ်။
ငါ့ သိခဲ့ မသိခဲ့
အိပ်မက်တွေလည်း ဖွာလန်ကြဲ
အိပ်ယာများရဲ့ တွန့်ခေါက်ကြေ
မြေဆီတွေ အဖြစ်
လဲပြိုခဲ့ပြီ။
ဘယ်အရာက ဘယ်အရာကို
ဘယ်လိုပုံစံ ဘယ်လောက်များများ
မက်မောစေခဲ့လိမ့်။
အလှဗေဒရဲ့ နိုးကြားတက်ကြွမှုလား
အသွေးအသားရဲ့
လိင်စိတ်ဆန္ဒကြောင့်လား။
အချစ်စိတ်ရဲ့ ရှင်သန်
ထမြောက်မှုလား။
ဒါတွေ
ဘယ်လိုပြောပြော
ဘယ်လိုပြောင်းပြောင်း
တကယ်တော့ . . .
အချိန်ရင့်လေ အလွမ်းရင့်လေပါပဲ။
. . . . . .
အလွမ်းအားနောက်တစ်မျိုးခံစားကြည့်ခြင်း
အလွမ်း
အလွမ်း
နွေရဲ့ လက်တံတွေပါ
ကံကောင်းထောက်မစွာ. . .
လေညှင်းကလေး တိုက်ခတ်နေလို့ပါပဲ။
အလွမ်း
အသွားတမြမြ ဓားတစ်ခုပါ
မထင်မှတ် နှုးညံ့စွာ
ပျားရည်စက်တချို့ လိမ်းကျံထားလို့ပါပဲ။
အလွမ်း
ပုံပြင်ထဲက ထီးတည်းရဲတိုက်တစ်ခုပါ
ကဗျာဆန်စွာ
နတ်သမီးတစ်ပါး သက်ဝင်နေလို့ပါပဲ။
လေညှင်းတစ်စ တိုက်ခတ်
သူမ. . .ဘယ်ဘက်ရင်ခွင်ထဲ
ဓားသွားတစ်ဆုံး စိုက်ချ
အလွမ်းတချို့ လွင့်ကျလာသည်။
ကံကောင်း လှပစွာ
ပန်းနုရောင်အလွမ်းတို့ဖြစ်သည်။
ပန်းနုရောင်အလွမ်းစ တစ်ချို့ဖြစ်သည်။
Saturday, February 24, 2007
Subscribe to:
Post Comments (Atom)
1 comment:
မိုက်တယ်....
အောက်က အလွမ်းကို ပိုကြိုက်တယ် :)
Post a Comment