Thursday, February 22, 2007

ဘ၀ကုန် ကုန်ထမ်းသမား

အခုလို တက်နေတဲ့အတိုင်း
ဆက်ဆက်ခုန်တက်သွားဖို့ပဲလေ
သံပုရာသီးက စတင်မယ်ဆိုရင်
ဟင်းသီးဟင်းရွက်ကလည်း နေရင်းထိုင်ရင်း ရွှေတွင်းပဲ
အားလုံး စကားကုန်သောက်ကုန်
ကုန်တင်ကုန်ချ အကုန်တင်အကုန်ချ
ဘ၀ကုန် ကုန်ထမ်းသမား ပခုံးသားများ
ရေတစ်တန် ကုန်းတစ်တန် အဝေကြီးက အရောက်ရောက်ခဲ့တာ
ဘဲဥလည်း ဘဲဥအလျောက်
မီးသွေးလည်း မီးသွေးအလျောက်
အရသာကိုတော့ လျှော့မထားဘူး (ဘယ်ဘ၀ရောက်ရောက်)
သံပုရာသီးဟာ အလုံးလည်းမလျော့ အရပ်လည်းမလျော့
နှစ်တစ်ရာပြည့်ခဲ့ပြီ တိုင်းကျော်ပြည်ကျော် သံပုရာသီး
မီးဖိုချောင်ထဲ ရေခဲသေတ္တာထဲ အိမ်ရှင်မဈေးခြင်းထဲ
သံခင်းတမန်ခင်း ဧည့်ခန်းထဲ
အပြွတ်လိုက် အခိုင်လိုက် သီးနေတာ အရည်တရွှမ်းရွှမ်း
ကိန်းဂဏန်းတွေနဲ့ စိမ်းလန်းလို့
တွံ့တေးမာလကာ အောင်ပန်းလိမ္မော် မော်လမြိုင်ကျွဲကော
ပန်းတနော် ကွမ်းလည်းပါတယ်
အားလုံးဟာ ဒေသထွက် အသားတံဆိပ်
မြို့နဲ့ရွာနဲ့ ဘ၀ကို တွဲအော်ရတာ
ဒိုက်ဦးက ဖရဲသီးတစ်လုံးဟာ ရန်ကုန်မှာ တစ်စိပ်
ကျွန်တော်တို့ဟာ တစ်စိတ်တည်း တစ်ဝမ်းတည်း အစိပ်အစိပ်အမွှာမွှာ
ကိုယ့်အတွက်ချည်းပဲ မစားနဲ့ သခင့်အတွက်လည်းစားဆိုတဲ့
ဝက်မွေးသမားတွေလည်းပါတယ်
ကြက်သွန်ဥနီဟာ အရွယ်အစားနဲ့ ဈေးကစားရတာ
နေရာအနှံ့ ခေါင်းဝင်ကိုယ်ဆံ့
နည်းနည်း နည်းနည်း မသိမသာ သိသိသာသာ
အရင်က ဘယ်ဟာ အမြတ်က ဘယ်ဟာ
အရွယ်ကိုလိုက်၍ ဘ၀ကိုချိန်ဆပါ။ ။
၂၀၀၅
စိုင်းဝင်းမြင့်

(ကြယ်ကမ္ဘာရောင်းဝယ်ရေးကဗျာစာအုပ်မှ)

No comments: