Thursday, February 22, 2007

ပန်းကလေးတစ်ပွင့် ဆင့်ကဲဖြစ်စဉ်

ဝင်တိုက်မိသလို ဖြစ်သွားလား
ခွင့်လွှတ်ပါဗျာ
မိုးမမြင် လေမမြင် ကျွန်တော် ဖြစ်နေလို့ပါ
အူမြူးပြီး လှေကားထစ်တွေ ကျော်ကျော်နင်းနေလို့ပါ
တွေ့သမျှကိုလည်း ပြုံးပြမိပါတယ်
ထိစမ်းသမျှကလည်း သိမ့်မွေ့လွန်းလှပါတယ်
စကားတွေလည်း အထစ်ထစ် အငေါ့ငေါ့
ဒီတစ်ခါ ချည်တဲ့ကြိုးက တော်တော့်ကိုခိုင်ပါတယ်
စကြ၀ဠာတစ်ခုလုံးရဲ့ အားပါပဲ
အိပ်ရာဘေး ငဲ့ကြည့်တော့
အိပ်ပျော်နေတဲ့ သမီးလေးဟာ
ချစ်စဖွယ် ငြိမ်သက်လို့
ဝင်သက်ထွက်သက်ဟာ ကျွန်တော့်ကို ထိတွေ့လို့
ကျွန်တော့်ကို အဖမ်းစားနိုင်ဆုံးအရာ ဖြစ်ခဲ့တယ်
ကျွန်တော် ညည ထထစမ်းနေရတာ
ကျွန်တော် ညည ထထကြည့်နေရတာ
ခြေနှစ်ဖက် လက်နှစ်ဖက် တိုင်ပင်နေတယ်
ခြေနဲ့ လက်နဲ့ တိုင်ပင်နေတယ်
အသားလုပ်နေတယ်
စကားကျင့်နေတယ်
လက်ထဲရောက်တာ ပါးစပ်ထဲ ကောက်ထည့်တဲ့အရွယ်
သမီးလေးက တစ်နေ့တစ်မျိုးတတ်တယ်
အခုလည်း ဘာလုပ်လာပြန်ပြီလဲ
အခုလည်း ဘာတတ်နေပြန်ပြီလဲ
ဝူးဝူးဝါးဝါး စကားတွေပြောလို့
နို့သက် နိုင်အောင်စို့လို့
တစ်ရက်ချင်း ရေတွက်နေမိတယ်
လက်တစ်ဝါးမပြည့်သေးလို့ ကြည့်နေတာ
(သူ့အမေက ပြောတယ်)
အတွင်းက တိုးဝင်နေတာ
ကျွန်တော့်ကို လှမ်းကန်လိုက်တာ
ရယ်စရာ ပြောမိသေးတယ်
ချီပုံချီနည်း ပွေ့ပုံပွေ့နည်း
ကျွန်တော်လည်း ဘယ်လိုကိုင်တွယ်ရမယ်ဆိုတာ
ကျီးကန်းဘဲဥချီလာသလို ဖြစ်နေပါပြီနော်
ဒီလောက်သေးသေးလေး လက်တစ်ဆုပ်စာလေး
မွေးခန်းထဲရောက်နေပါပြီ၊ မွေးလမ်းထဲ ရောက်နေပြီဆိုတာ
သိပ်ပြီး ကဗျာဆန်တာပဲ။ ။
၂၀၀၅
စိုင်းဝင်းမြင့်

(ကြယ်ကမ္ဘာရောင်းဝယ်ရေးကဗျာစာအုပ်မှ)

No comments: