Thursday, February 22, 2007

ဘယ်လိုအဓိပ္ပါယ်မျိုးလဲ

မြို့အပြင်
ဝင်သွားတဲ့နေရောင်နဲ့
အမီလိုက်ပြီး ကျင်းပရတဲ့ ကိုယ့်ညစာခွက်ဟာ
ကြယ်တွေနဲ့အတူ
ရောပြွမ်းပေါက်ရောက်တယ်။

အလိုရမ္မက်ဟာ
လက်တွေအများကြီးနဲ့
ကောင်းကင်လို ထူပြောလို့
မိုးမကျ မြေမကျ သစ်ခွပင်လိုကပ်လို့
အပ်ဖျားလိုထောင်နေတဲ့ ကိုယ့်ဆန္ဒကို
အနောက်တောင်ထောင့်က ၀ါးကွက်မှာ အပ်ထားလိုက်ပါပြီ။

ဟပ်ထုတ်လိုက်တိုင်း
ရေကြည်ရာ မြက်နုရာဟာ
သလိပ်ဖတ်တွေနဲ့ လုံးထွေးလို့
ဘာမဆို ငါ့ဘေးနား ဖြတ်သွားဖြတ်လာ
ငါ့မှာသာ ယုတ္တိမရှိဘဲ လူဖြစ်လို့
ဘယ်လိုအဓိပ္ပါယ်မျိုးလဲ
ငါ ရှင်ချင်သေးတယ်။ ။
ဝင်းမြင့်
(လူပြိန်းရဲ့အချစ်ဖြစ်ပွားရာ ကဗျာစာအုပ်မှ)

No comments: