Thursday, February 22, 2007

မတွေးမိသောဘဝ

(၁)
ငါတို့ လွတ်ခဲ့တဲ့ ငါးတွေလို
မိထားတဲ့ငါးတွေဟာလည်း ထွားပါတယ်။

အချစ်ကို
ကြိုတင်လေ့ကျင့်ထားတဲ့ ဇာတ်ဝင်ခန်းအတိုင်း
မျက်စိမှိတ်ပြမိရဲ့။
မင်းဆက်လျှောက်ဖို့လမ်းတွေဟာ
အရင်လိုပဲ ခက်ခဲသေးလား။

သစ်ပင်တွေရဲ့ ရာဇ၀င်
ဒီနေ့ မပြောဖြစ်တော့ပါ။
ကိုယ့်သီချင်းကိုယ် နားထောင်ရတဲ့အခါ
လူဟာ စိတ်ကြီးဝင်မှာပဲ။
မင်းက ခံစားလွယ်သူမို့
တစ်ခုတော့ပြောမယ်။

“ငါ့အကြောင်း သိပ်မတွေးပါနဲ့. . .”

(၂)
ကမ္ဘာပေါ်က
နေရောင်မရှိတဲ့မြို့ကြီးတွေမှာ
ပန်းမပွင့်တဲ့ ဥယျာဉ်တွေမှာ
ဝမ်းနည်းစရာ လူသားများ
ဘာကို ရှာဖွေနေကြသလဲ။
ဘာသာတရားလား
သုံးမရတဲ့အတွေးအခေါ်လား
ဒါမှ မဟုတ်. . .
မြေကြီးလိုသစ္စာမျိုးလား။

ဘာပဲဖြစ်ဖြစ်ကွာ
လာ. . .အချစ်
ကမ္ဘာ့လူသားတွေဆီ
ငါ့တို့မေတ္တာတရားကို ကိုင်းကူးပေးမယ်။

မင်းရှေ့ရေးအတွက်
အလေ့အလာ၊ အမှတ်သညာအားလုံးဟာ
ငါ့နှလုံးသားမှာ ပွင့်တယ်။
လူဆိုတာကလည်း
လေတံခွန်လို အနေအထိုင် တစ်မျိုးပါပဲ။

အခု-
ချောက်ထဲက ကိုယ့်ကျင့်တရားတွေဟာ
ငါ့ခရမ်းရောင်ကို စိမ်ခေါ်နေကြပြီ။
ငွေကြေးဆိုတဲ့အသိများ
မျိုးပွားနေကြပြီ။

ဒီမှာတော့. . .
အဟောင်းတွေချည်းပဲ
ပုစ္ဆာတွေချည်းပဲ
ငါကလွဲလို့
အားလုံး တစ်ကိုယ်ကောင်းဆန်ကြတယ်။

(၃)
မင်း ရယ်သံတွေနဲ့
ငါ မယဉ်ကျေးနိုင်သေးသရွေ့
ပထမဆိုကို ငြင်းမယ်
အကောင်းဆုံးဆုကိုပဲ လက်ခံမယ်။

ပျော်ချင်ယောင်တော့
မဆောင်ပါနဲ့ အချစ်ရယ်. . .
ဒီရုပ်၊ ဒီခန္ဓာမှာပဲ
ဒီနေ့တွေကို
မနေ့ကအတိုင်း မစဉ်းစားနိုင်ခဲ့ဘူး။

(၄)
သာမန်လူများအတွက်
မီးရထားကြီးတစ်စီးလောက် ပိုင်ချင်ပါတယ်
ပျော်ရွှင်ခြင်းတွေ ခုတ်မောင်းဖို့. . .။ ။
ဝေမှူးသွင်
(လူပြိန်းရဲ့အချစ်ဖြစ်ပွားရာ ကဗျာစာအုပ်မှ)

No comments: