Thursday, February 22, 2007

ဗုဒ္ဓအေးရိပ်

သည်ဆောင်းလ၌
ကြွေစပြုသော သစ်ရွက်ခြောက်။
ကြယ်စုံညမို့
လှပတောက်ကျူး၊ ကြယ်ဖူး ကြယ်မှုန်
စိန်လည်တုန်သို့။
ဆောင်းလေသန့်သန့်၊ ရနံ့သင်းသင်း
ကြယ်ဝင်းဝင်းနှင့်၊ ညခင်းသာစွ
ပြာလဲ့ည။
စန်းနှင့်ကိုယ်ကား
ဟိုတုန်းခါက၊ ဆောင်းရသကို
ဝေမျှခံစား၊ ဤတံတား၌
စကားလက်ဆုံ၊ ပြောမကုန်ခဲ့။
ချစ်သူ့စိတ်ကူး၊ လွန်ကြည်နှုးသည့်
အိမ်ဦးတံတား၊ ရှည်လျားလျားတွင်
စကားဆိုသံ၊ နားမှာပန်၍
ညဥ့်ယံများစွာ ကုန်ခဲ့၏။

တံတားပေါ်၌
ပျော်ရွှင်ကြည်နှုး၊ စိတ်ကူးတစ်ရာ
ကဗျာတစ်လှေ၊ ရွက်ကြွေတစ်ဆုပ်
ပန်းတစ်အုပ်နှင့်
သူ့ရုပ်ပုံကို မြင်မိသည်။
ဤယနေ့ကား
ဆွေးမြေ့ဖို့မဟုတ်၊ စိတ်ကိုချုပ်လျက်
ဗုဒ္ဒအေးရိပ်ခိုခဲ့သည်။
(သား မောင်ဥာဏ်မိုးနှင့်အတူ)
(၂၁-၁၂-၉၅)

No comments: