Friday, February 23, 2007

မျက်နှာချင်းဆိုင် အဖျား

အခုတလော
မင်းအကြောင်းရနံ့တွေက
လေထုမှာ တုန်ခါနေရဲ့။

မင်းကပေးခဲ့တာလား။
ငါက တောင်းခဲ့တာလား။

အဖြစ်အပျက်ကပဲ ဦးဆောင်ခဲ့သလား။
ခံစားမှုကပဲ ဦးဆောင်ခဲ့သလား။

မေးခွန်းတွေထဲမှာပဲ
ငါက အချစ်ကို မြှုပ်နံထားမိပြီ။
မင်းရဲ့အကြေးခွံတွေမှာပဲ
ငါက ရှုံးနိမ့်ခဲ့ပြီ။

စက္ကူတစ်ရွက်ပေါ်
စိတ်ညစ်ညစ်နဲ့ လျှောက်ရေးမိတော့
မင်းနာမည်က လက်ရေးအလှဆုံးပဲ။
မျက်လုံးချင်း စမ်းသပ်ကြည့်တော့လည်း
မင်းရဲ့ ရဲဝံ့မှုကို အံ့သြရတယ်။

ဘယ်လောက်ရှုပ်ရှုပ်
ရုပ်သေးကြိုးတွေကို ချစ်မိပေါ့။

မင်းက ပထမဆိုတာကို ဂုဏ်ယူသလို
ငါက ခေတ်ကာလဆိုတာကို
အာသာမပြေဘူး။

အခန်းထဲ အဖျားခတ်လာတဲ့ ဆောင်းလေမှာ
ပူအိုက်နေတဲ့ ငါ့သတိရခြင်းများ
မင်း မျက်တောင်ပေါ်က ငါ့ကဗျာ
ဒါဟာလည်း ရိုးစင်းတဲ့
လူသားသမိုင်းတစ်မျိုး ဖြစ်ရဲ့။

ကဲ. . .အချစ်
ဟိုးက ဂုဏ်ဒြပ်တွေကို
ငါ့တို့ ဟားတိုက်ကြရအောင်. . .။ ။
ဝေမှူးသွင်
(လူပြိန်းရဲ့ အချစ်ဖြစ်ပွားရာကဗျာစာအုပ်မှ)

No comments: