မတွေ့တာ ကြာပြီဆိုတော့
မကြာတာ တွေ့နေရတာပေါ့
တွေ့တွေ့နေရတဲ့ သူ့အတွေ့မှာ ကိုယ်လည်းမရှောင်နိုင်
အခုတော့ သူ့အရိပ်တွေ ဘ၀မခြားပဲ ကိုယ်ပြန်စိုက်နေရပြီ
ထူးမခြားနားဘ၀ အခုပဲ လူလဲသွားတာ
လဲသူ သူပဲ ကိစ္စရှိခဲ့ရင်ပေါ့လေ
တဟူးဟူးလေထဲ ကိုယ်လည်းလေနေပြီ လဲနေပြီ
ဝိုင်းကူပြီ စဉ်းစားလို့ရလား အရူးမီးဝိုင်း အရိုင်းမီးကူး
အခုပဲ ချိုးကွေ့ဝင်ရောက် ပျောက်ကွယ်သွားတော့မလို
ကမ္ဘာမှာ ကဗျာက အရာမထင်
ဇာတ်လမ်းက ဖြတ်လမ်းမရှိ
သင်လည်းရာရာစစ အစစအရာရာ အရောတ၀င်
အရတွေကြွယ် အရွယ်တွေကျလို့
လှီးဖြတ်ယူသွားဖို့ အရာပေးထားပါတယ်
စတဲ့နေရာကရောက်တော့ ရောက်တဲ့နေရာက စပျက်ပါတယ်
အပြန်လမ်းဟာ တစ်ခုတည်း တစ်ယောက်တည်း အခြားတစ်ဖက်ဆိုတော့
မမှောင်ခင်ခွဲထွက်ဖို့ပါပဲ
ကြေကွဲညထဲ မောင်းထုတ်လိုက်ရတာ
မိုးရွဲထဲ ထားခဲ့ရတာ (လည်း)
ကိုယ်ဘ၀ကိုယ် ပြန်ရတာပါပဲ။ ။
၂၀၀၅
စိုင်းဝင်းမြင့်
(ကြယ်ကမ္ဘာရောင်းဝယ်ရေးကဗျာစာအုပ်မှ)
Friday, February 23, 2007
Subscribe to:
Post Comments (Atom)
No comments:
Post a Comment