Friday, February 23, 2007

ကိုယ်ပွား

သားတာဝန် သမီးတာဝန်
စာတာဝန် နိုင်ငံ့တာဝန်
ဤ၀န်များကို ဇနီးနှင့်အတူ
မညည်းမညူထမ်းခဲ့သည်။
ယခုအခါ
ဤတာဝန်များ၊ ငါ့အားလုံးလုံး
ပခုံးထက်ဝယ်၊ တစ်ဖက်တည်းသာ
ထမ်းရပါအံ့။
ချစ်ဇနီးကား
ခရီးထွက်၍သွားချေပြီ။
တစ်ယောက်တည်းသာ၊ ထမ်းရပါလည်း
ငါ့မှာသမီးသား၊ အရှိသားမို့
တစ်အားဆိုရပါသေး၏။
သမီးများနှင့်၊ သားကတစ်ဖက်
ပခုံးထက်က၊ ထမ်းလျက်ဝန်ကို
ကူမည်ဆိုက
အို. . .ဘယ်မှာဝန်လေးတော့မည်နည်း။
အခက်အခဲ
လက်တွဲခဲ့ပြီး၊ ချစ်ဇနီးငဲ့
ခရီးဖြောင့်ဖြောင့်သွားပါလေ။
သမီးနှင့်သား၊ သင့်ကိုယ်ပွားမို့
တစ်အားတစ်အင်းမဟုတ်လေ။
၂၂-၁၂-၉၀
တင်မိုး

(ကန္တရနှစ်များကဗျာစာအုပ်မှ)

No comments: