Thursday, February 22, 2007

ကတ္တီပါများ

ဘာကိုမှ မလေးနက်ဘဲ
ဘယ်ဝါကျကိုမှ ချမရေးဘူး။

ငါ့သစ္စာတရားက
ပန်းပွင့်လို အသံမြည်ပြီး
ဆင်တစ်ကောင်လို နှာမောင်းသန်တယ်။
သေးငယ်တဲ့ထွန်ကြောင်းတွေ
ဇရာ၏ အမှတ်အသားများ
ဘ၀ကို စိတ်ရှည်ရန်
ဆေးပြားတွေနဲ့ ရော့ခ်ဂီတဟာလည်း
အရေးကြီးကြရဲ့။

လမ်းတိုင်းမှာ ပလက်ဖောင်းမလိုပေမယ့်
မိုးကြိုးကတော့
အသံထွက် ကျယ်ဖို့လိုတယ်။

လေထဲက ဖုန်မှုန့်တွေက
သံသရာအတိုင်းပဲ. . . မိုက်တယ်။

အတက်တုန်းက ဆင်းခဲ့တာတွေအတွက်
အဆင်းမှာ တက်ကြရပြီ။
လက်အားနေလို့
ရန်သူကို လက်ဆွဲဂုဏ်ပြုလိုက်ပြီ။

ဒါ ကစားနည်းသစ်ပေါ့။
ငါ့ရှေ့မှာ
မီးဆိုက်မရတဲ့ ထင်းလှည်းများစွာ. . .
ဘာသာပြန်ထားတဲ့ ရမ္မက်များစွာ. . .

ဖိတ်စင်ခဲ့သော အခြေအနေတွေအတွက်
ဖိနပ်တွေကို ပြင်ထားမယ်။
သို့သော်. . .
လမ်းများကိုတော့ ငြင်းကြစို့။ ။
ဝေမှုးသွင်
(လူပြိန်းရဲ့ အချစ်ဖြစ်ပွားရာ ကဗျာစာအုပ်မှ)

1 comment:

နိုင်းနိုင်းစနေ said...

thanks for your sharing such amazing poems,thank you so much.