Sunday, February 25, 2007

သင်းကွဲ

ကိုယ့်ဘ၀ကျဉ်းကျဉ်းလေးထဲ
တစ်ကိုယ်ထဲ ငြိမ်ငြိမ်သက်သက်ထိုင်လို့
စိတ်အချဉ်ပေါက်မှုတွေကို
ဖန်ခွက်ထဲလောင်းထည့်
တစ်ငုံချင်း တစ်ကျိုက်ချင်း
အရသာခံနေမိရဲ့၊
ညကလည်းတိတ်ဆိတ်
လူကလည်းတိတ်ဆိတ်
ဘ၀ကို အိပ်မက်လို့ ထင်နေရှာတဲ့
လူတစ်ချို့က
နှစ်နှစ်ခြိုက်ခြိုက် အိပ်မောကျနေကြ
သမားရိုးကျ ရှုထောင့်တွေကနေ
ဆင်ခြင်ကြ၊ ထိစမ်းကြ
ငါတို့ဟာ အသစ်တစ်ခုခု ရှာတွေ့နိုင်ပါဦးမလား
စိတ်ပျက်လက်ပျက်ရေရွတ်ကြ
ညဟာမှောင်ကျသွားခဲ့တယ်၊
ထုံးတမ်းစဉ်လာအတိုင်း
နာကြည်းမှုတစ်ခုနဲ့ ညစာကိုစားခဲ့
မီးသင့်လောင်မျက်နှာတွေနဲ့ ၀တ်ပြုဆုတောင်းသံတွေကြား
သီချင်းတစ်ပုဒ်ကိုအော်ဆိုခဲ့
အထီးကျန်ခြင်း အရသာဟာ
အသားညှပ်ပေါင်မုန့်ထက်ကောင်းကြောင်း
အခိုင်အမာညွှန်းဆိုခဲ့
ပြန်တွေးကြည့်လိုက်တော့
ကမ္ဘာကြီးထဲက ပဲ့ထွက်သွားတဲ့ မြေစိုင်ခဲလေး
တစ်ခုပမာ
ခံစားသိလာရ
ဒါလည်း ကမ္ဘာတစ်ခုပဲလို
အကြောက်အကန်ငြင်းဆန်ခဲ့
“မနက်ကျရင်တော့ အားလုံးပြေလည်သွားမှာပါ“တဲ့
စိတ်ကောင်းရှိသူတွေကမ်းတဲ့
စီးကရက်တစ်လိပ်ကုရှိုက်ဖွာခဲ့
ညက ထက်ဝက်ကျိုးနေပြီ။
လူတွေရဲ့
သရော်မော်ကားရယ်သံတွေက
ငါ့ကိုယ်အနှံစိုက်ဝင်လို့
ငါ့ဘ၀ငါခံပြင်း
မကျေနပ်မှုတွေကလဲ ခြလို့တရွရွတက်လို့
ငါကိုယ်တိုင်ကလည်း
မရင့်ကျက်ချင်သေးလို့
အရိုးခံအတိုင်း အရိုင်းစိတ်နဲ့
အေးတိအေးစက် နေထိုင်ခဲ့။ ။
ဘုန်းသက်နိုင်
(၂၀၀၆-ဒီဇင်ဘာ-Faces မဂ္ဂဇင်း)

No comments: