Thursday, March 1, 2007

ဧရာမ လူ့ဘီလူးကြီး

The Colossus

အဖေ့ကို တစ်ခုလုံး ပြန်ဆက်ဖို့
သမီး ဘယ်တော့မှရမယ် မထင်ဘူး
တစ်စစီကော်ကပ်၊ တစ်ခုစီချိတ်ဆက်လို့။
မြည်းအော်သံ၊ ၀က်မြည်သံနဲ့
ညစ်ညမ်းတဲ့ ကြက်မ ကတော်သံတွေ
အဖေ့ ဧရာမနှုတ်ခမ်းတွေထဲက ထွက်လာတယ်။
ကောက်ပဲသီးနှံ သိုလှောင်ရုံတစ်ဝိုက်
ရောက်နေရသလိုပဲ။

အဖေ့ကိုအဖေ နတ်ကွန်းလို့
ယူဆတယ် ထင်တယ်၊
လူသေတို့ရဲ့ ပါးစပ်ပေါက်၊
နတ်ဘုရားတစ်ပါးပါးရဲ့ ဆက်သွယ်မှု။
နှစ်သုံးဆယ် ကြာပြီ သမီး ကြိုးစားခဲ့တာ
အဖေ့လည်ချောင်းထဲက နုန်းတွေကို
သောင်တူးသလို တူးပြီး ဖယ်ရှားဖို့။
ဒါပေမယ့် သမီး မလုပ်တတ်တော့ဘူး။
လှေကားကလေးတွေထောင်
ကော်ပုံးတွေ၊ Lysol ပုံးတွေသယ်ပြီး
တွယ်တက်လို့
အဖေ့မျက်ခုံးရဲ့ ပေါင်းပင် ထူထပ်တဲ့ မြေဧကပေါ်
ပူဆွေးသောက ရောက်နေတဲ့ ပုရွက်ဆိတ်တစ်ကောင်လို
တွားသွားလို့
ကြီးမားတဲ့ ဦးခွံရိုးအချပ်တွေကို ပြုပြင်ဖို့
အဖေ့ မျက်လုံးတွေရဲ့
ပြောင်သလင်းခါနေတဲ့
သုသာန်ကမူတွေ ရှင်းလင်းဖို့။
သမီးတို့ကို မိုးနေတာက သြရက်စတီးယာ
ကြေကွဲပြဇာတ်ထဲက ကောင်းကင်ပြာပဲ။
အဖေရယ်၊ အဖေဟာ လုံးလုံးကို တစ်ယောက်တည်း
အဖေဟာ တိကျတဲ့ အဓိပ္ပါယ်တွေ ပြည့်ဝလို့
ရောမခေတ်လူထု ရင်ပြင်လို သမိုင်းဖြစ်လို့။
ဆိုက်ပရက်(စ်) ကျောက်ပန်းပင်နက်တွေ ပေါက်တဲ့
တောင်ကုန်းလေးတစ်ခုပေါ်မှာ
သမီး နေ့လယ်စာ ထိုင်စားတယ်။
ဒေါင်လိုက် မြောင်းတွေ ထွင်းထားတဲ့
အဖေရဲ့ အရိုးတိုင်လုံးတွေနဲ့
ဂရိခေတ်ရဲ့ ပန်းပုလက်ရာတွေမှာ တွေ့ရတဲ့
သစ်ရွက်ပုံစံ ဆံပင်တွေမှာ

ရှေးဟောင်းမင်းမဲ့စရိုက်
အမှိုက်တွေပုံလို့
ဟိုး မိုးကုတ်စက်ဝိုင်းတန်းအထိ။
မိုးကြိုးသွားထက် အားပိုလိမ့်မယ်
ဒီလောက်အထိ ယိုယငွ်းပျက်စီးသွားရအောင်။
ညတွေ မှာ အဖေ့ ဘယ်ဘက်နားရွက်ရဲ့
ဣစ္ဆာသယထဲ သမီး ဆောင့်ကြောင့်ထိုင်လို့၊
လေနဲ့ လွတ်ရာမှာပေါ့၊

အနီရောင်ကြယ်တွေ၊ မက်မန်းရောင်ကြယ်တွေ
ရေတွက်လို့။ အဖေ့လျှာရဲ့ ကျောက်ဆစ်တိုင်လုံး
အောက်ကနေ နေထွက်လာတယ်။
သမီးရဲ့ အချိန်နာရီတွေဟာ အရိပ်နဲ့ ထိမ်းမြားလို့။
ဆိပ်ကမ်းရဲ့ ကျောက်တုံးတွေပေါ်
လှေဧရာရဲ့ ပွတ်ခြစ်သံကို
သမီး နားမစွင့်တော့တာ ကြာပါပြီ။
၁၉၆၀
(SYLVIA PLATH-ဆစ်လ်ဗီယာ ပလာ့သ် ကဗျာများအား ဇေယျာလင်းဘာသာပြန်သည်။)

No comments: