ပလက်ဖောင်းဆန်ဆန်
ပြတင်းဘောင်မှာ
နေစာလှုံနေတဲ့ ကြောင်တစ်ကောင်ဆန်ဆန်
ပေါ့ပေါ့ပါးပါးနဲ့
ဘ၀ဆိုတာကို ပေါ့ပါးချင်တယ်
လေထဲ
ဝေ့၀ဲနေတဲ့ ကြက်တောင်မွှေးကလေးလို
ပေါ့ပေါ့ပါးပါး ကြည့်လို့တော့ကောင်းတယ်
ဒါပေမယ့် ကြက်ရေပြားက
ဆွဲနုတ်ထားတဲ့ ပေါ့ပါးမှုမျိုးတော့ ကြောက်တယ်
ကြောက်တဲ့ အထဲမှာ
ငါ့ကိုယ်ငါလည်း ပါပါတယ်။
တခါတလေ ငါ့ကိုယ်နဲ့ ငါ့စိတ်က
တရားနဲ့
အဓမ္မလောက်ဝေးကွာတယ်
တခါတလေ
ငါ့အာရုံနဲ့ ငါ့လက်က
ကမ္ဘာ့အနောက်ခြမ်းလောက် ဝေးကွာတယ်
ကမ်းမမြင် လမ်းမမြင်
ဝေးကွာခြင်းဟာ
လေလိုပဲ
မမြင်ရဘူး
ခေါ်မကြား အော်မကြား
ဝေးကွာခြင်းဟာ
ရွှေသမင်လိုပဲ
အဖမ်းရခက်တယ်
ကျောက်သားထဲ ၀င်ပုန်းနေတဲ့ပန်းပုရုပ်လို
ကန်ရေမှာ နေ့ခံ ညစံ သူယောင်မယ်လို
ဝေးကွာခြင်းဟာ
ဝေးကွာလွန်းလို့
ဝေးကွာခြင်းနဲ့ ငါဟာ နီးစပ်ခဲ့တယ်။
ငါ့မှာနေရှိတယ်
ငါ့မှာလရှိတယ်
ငါ့မှာမီးရှိတယ်
ရေမြေလေ အာကာသ အကုန်ရှိတယ်
စကြ၀ဠာနဲ့ ငါဟာ ဖွားဖက်တော်
ကမ္ဘာ ငါ့ရဲ့ အခန်းဖော်
ဒါပေမယ့် တယ်လီဖုန်းခေါ်လို့ မရဘူး
စာထည့်ရင် ပြန်စာမလာဘူး။ ။
ဝင်းမြင့်
(ရုပ်ရှင်တေးကဗျာ-မတ်လ-၂၀၀၃)
Sunday, February 25, 2007
Subscribe to:
Post Comments (Atom)
No comments:
Post a Comment