Sunday, February 25, 2007

အနေမြတ်သူမို့

ကိုယ်ပိုင်မြေကလေးတစ်ကွက်
တစ်သက်မှာ ပိုင်လိုရှာတဲ့
လွမ်းစရာချစ်ဇနီး
ဘ၀ခရီးမှာ သူ့အလိုပြည့်ခဲပါတယ်။
သူအားရင် ခြံကိုသွား
စိတ်အားတွေ ပြည့်ခဲ့တယ်။
သရက်သီးကလေးတွေခူး
ဘူးသီးကို ယူ
ဂုဏ်ယူတဲ့အားမာန်နဲ့
ကိုယ်ခြံက ပြန်လေ့ရှိပါတယ်။
နောက် - ကိုယ်ပိုင်အိမ်ကလေးဆောက်ပြီး
တို့နှစ်ယောက်ဦးဆောင်မှုနဲ့
မိသားစု ကြည်နူးခဲ့ရပါတယ်။
ကိုယ်ပိုင်အိမ်ကလေးမှာပဲ
ဆိတ်ငြိမ်စွာ ပုတီးစိပ်
မေတ္တာစိတ်ပွားများ
ဘုရားတရား ကြည်ညို
လင်ကိုလဲရိုသေ
သားသမီးတွေကလဲ ပျိုးထောင်ရင်း
လူ့ဘောင်မှာ အပြစ်ကင်းဆုံး
သန့်ရှင်းတဲ့နှလုံးနဲ့
ပြုံးရွှင်စွာနေခဲ့ပါတယ်။
ချစ်ဇနီး အနေမြတ်ခဲ့တယ်။
တင်မိုး
၂၄-၁၂-၉၀
(ကန္တရနှစ်များကဗျာစာအုပ်မှ)

No comments: