Sunday, February 25, 2007

မနှင်းဆီများအကြောင်း

ကျွန်တော်တို့ ကျောက်ဆူးချနေတဲ့ “ယူနီစန်” ဟာ
ပါရီမြို့လယ်ရဲ့ ကဖေးဆိုင်တစ်ဆိုင်ပါဘဲ
ဒီမှာတော့
ကျွန်တော့်လက်ဖက်ရည်ပုံမှန်ဆိမ့်ဆိမ့်တစ်ခွက်ဟာ
တော်စတွိုင်းရဲ့ ပျားရည်တစ်စက်ဖြစ်တယ်
စားပွဲပေါ်မှာ ဝေ့၀ဲနေတဲ့ အခိုးအငွေ့တွေဟာ
မာယာကော့စကီးရဲ့ ဘောင်းဘီဝတ်မိုးတိမ်းတွေဖြစ်တယ်
ဖြုန်းခနဲ့
ကျွန်တော့်လက်ဖက်ရည်ပန်းကန်ထဲမှာ
နှင်းဆီတစ်ပွင့်
ဝီလျှံဘလိတ်ရဲ့ မှားတဲ့နှင်းဆီတစ်ပွင့်
ရုတ်တရက်ပြုတ်ကျလာတယ်။
ကျွန်တော်ခေါင်းမော့ကြည့်လိုက်တော့
နှင်းဆီကိုခွင့်လွှတ်ပါရှင်တဲ့
မိန်းကလေး နှင်းဆီဆိုသူက
သူ့နှင်းဆီတစ်ပွင့် ပြန်တောင်းနေတယ်
ကျွန်တော်ပြန်ပေးလိုက်ပါတယ်
ခွင့်လွှတ်ခြင်းဆိုတာ
ကျွန်တော်တို့ ယူနီစန်ကဖေးမှာ
တစ်ရှုးတွေ ထည့်ထားသလိုပါဘဲ
ပြီးမှ
ကျွန်တော့်လက်ဖက်ရည်
ကျွန်တော်ပြန်သောက်ကြည့်လိုက်တယ်
ညီလေးရေ
နို့စိမ်းနည်နည်းထပ်ဖြည့်ပေးစမ်းပါဦး။ ။
မောင်သင်းပန်
(ရုပ်ရှင်တေးကဗျာ-၂၀၀၇-ဇန်န၀ါရီလ)

No comments: