Thursday, February 22, 2007

အဆောက်အအုံပျက်ကြားမှာ စကားပြောခြင်း

Conversation Among The Ruins

ကျက်သရေရှိလှတဲ့
ကျွန်မအိမ်ရဲ့ ဆင်ဝင်အောက်ကနေ
ရှင်ဟာ ရှင့်အရိုင်းအစိုင်းဒေါသတွေနဲ့
အမြဲလို ချောင်းမြောင်း။

သစ်သီးပန်းကုံးတွေ
သာယာနာပျော်ဖွယ်ရာ တူရိယာတွေ
ဥဒေါင်းငှက်တွေကို
လိုက်လံနှောင့်ယှက်တယ်။

လေဆင်နှာမောင်း
လေဆင်နှာမောင်းကို ဟန့်တားထားတဲ့
တင့်တောင်းတင့်တယ် နေထိုင်မှု ကန့်လန့်ကာကို
ရှင်ဆုတ်ဖြဲပစ်လိုက်တယ်။

အခု. .ကြွယ်ဝခမ်းနားတဲ့
စည်းစနစ်ကျနမှုနံရံ
ပြိုလဲခဲ့ရပြီ။

ကြောက်လန့်ဖို့ကောင်းတဲ့
အဆောက်အဦးရဲ့ အယိုအယွင်းတွေပေါ်မှာ
ကျီးအ တွေ အာလို့။

ရှင့်ရဲ့ မုန်းတိုင်းထန်မျက်လုံးထဲက
မသာမယာ အေးခဲအလင်းထဲမှာ
နေ့စစ်စစ်တွေ ထွက်လာတဲ့အခါ
ရဲတိုက်ကနေ
စိတ်ပျက်လက်ပျက်ထွက်ခွာသွားတဲ့
စုန်းမလို
မှော်ပဉ္စလက်ဟာ
ထွက်ခွာရှောင်တိမ်းပြေးသွားပြီ။

အပိုင်းပိုင်းအပြတ်ပြတ်
ကျောက်တိုင်တွေဟာ
ကျောက်သားမြင်ကွင်းကို
ဘောင်ခတ်ပစ်လိုက်ပြီ။

ကုတ်အင်္ကျီနဲ့ လည်စီးနဲ့
ရှင်ဟာ
ပီဘိသူရဲကောင်းကြီးလို မတ်တတ်ရပ်နေခိုက်
ကျွန်မဟာ
ဂရိကိုယ်ကျပ်အင်္ကျီနဲ့
နှောင်တည်းခံဝိညာဉ်နဲ့
ရှင့်ရဲ့အကြည့်မဲကြီးထဲ
မလှုပ်မယှက်ဝံ့
သေသေ၀ပ်ဝပ်လေးထိုင်လို့။

ဇာတ်လမ်းဟာ
အော့နှလုံးနာဖွယ်ရာဖြစ်ခဲ့ပြီ။

ဘာဆိုဘာမှမရှိတော့တဲ့
ကျွန်မတို့ရဲ့ အခြေအနေအပေါ်
ဒီလောက်အပျက်ကိန်းကြီး
ထပ်ဆိုက်ပြီးမှတော့
ဟောဒီ အပျက်အယွင်းကြီးတစ်ခုလုံးကို
ဘာတခမ်းတနား စကားလုံးတွေနဲ့ ရှင် ပြန်ဖာထေးလို့ ရနိုင်တော့မှာလဲ။ ။
(၁၉၅၆)(SYLVIA PLATH-ဆစ်လ်ဗီယာ ပလာ့သ် ကဗျာများအား ဇေယျာလင်းဘာသာပြန်သည်။)

No comments: