Monday, February 26, 2007

သေရွာငါတို့မေ့စတမ်း

သူ ထွက်သွားပုံ
အိပ်မက်လေလား၊ ထင်မှတ်မှားမိတယ်။
မယုံနိုင်စရာ၊ သေရွာသူလိုက်
လိုက်တမ်းပြေးပမာ
ကစားတာလိုလို။
မျက်စိစုံမှိတ်၊ အိပ်ပျော်ချင်ယောင်
ဆောင်လေရော့သလား။
ဖြစ်လာသမျှ၊ အနိစ္စပင်
စိတ်ကသိလဲ၊ မယုံရဲဘူး
သူပဲရှိတယ် ထင်မိတယ်။
ဟိုနားသည်နား၊ အတူသွားခဲ့
တံတားမှာလျှောက်၊ နှစ်ယောက်သားထိုင်
အပြုံးပြိုင်ခဲ့
ဆုံးတိုင်ခွဲရ၊ ဟုတ်ပါ့မလားကွယ်။
စန်းနှင့်အတူ၊ ကြည်ဖြူအမြဲ
လက်တွဲသွားလာ၊ နေရာကလေး
ဆွေးနွေးဖန်တီး၊ ပြောမငြီးဘူး
ခရီးလှလှ၊ ကြုံခဲ့ရလည်း
ရှေးကကြမ္မာ ရက်စက်တယ်။
ခုတော့လဲလေ၊ တို့စိတ်ဖြေရဲ့
နေသမျှကောင်းမှု၊ ငါတို့ပြုမယ်
လူ့ဘောင်အကျိုး၊ တိုး၍ဆောင်မယ်
တိုးတက်ကြံစည်၊ အရှည်ကောင်းရေး
အတွေးခိုင်မာ၊ လှမ်းကြပါမယ်
သေရွာငါတို့ မေ့စတမ်း။
၂၅-၁၂-၉၀
တင်မိုး
(ကန္တ့ရနှစ်များကဗျာစာအုပ်)

No comments: