Friday, February 23, 2007

တောလိုက်နေ့များ

ဒီအချိန်လောက်ဆို. . .
ငါဖိုထားတဲ့ မီးလင်းဖိုလေး
ငါ့ကိုစောင့်နေရော့မယ် . . .။

ဘယ်မှာလဲ ငါ့အတွက်သားကောင်
အခု ငါဆာလောင်နေတာ သွေးသားဆူဖြိုတဲ့ဂီတ
တကယ်တမ်း ငါရလိုက်တာက အခွံသက်သက် အိမ်ပြန်ရက်တွေ. . .
အခု. . .ငါ ပစ်ခတ်ရမှာက
မုသာဝါဒတကားကား အမှားချိုတထောင်ထောင်နဲ့ ဂြိုဟ်ကောင်
တကယ်တမ်း ငါ့ကို ခုန်အုပ်သွားတာက
ကံကြမ္မာလက်သည်းဝှက်ထားတဲ့တောကြောင်
ဒင်းလက်ခမောင်းခတ်သံက တစ်တောလုံး ဆူညံလို့
အခု. . .ငါဖြတ်သန်းချင်တာက ကျောက်ခေတ်၊ ကြေးခေတ်၊ သံခေတ်ထက်
အနုပညာကို အချစ်နဲ့ဖြတ်သန်းချင်တာ
တကယ်တမ်း . . . ငါကိုယ်တိုင်သားကောင်အဖြစ်နဲ့
ငါ့နာကျင်ခြင်းတွေ သိုဝှက်နေကျဂူကို
ဒဏ်ရာတစ်ပွေ့နဲ့ပြန်လာခဲ့ရတယ်. . .။

ဒီအချိန်လောက်ဆို
ငါဖိုထားတဲ့မီးလင်းဖိုလေး
ငါ့ကိုစောင့်ရင်း ပြာကျနေလောက်ပြီ။

ထွေးယျ
၂၀၀၆-ဒီဇင်ဘာ-Idea မဂ္ဂဇင်း

No comments: