အဝေးက
အိမ်ဝေးသူရဲ့ညစာမှာ
အသီးအကင်းတွေ ကြွေကျနေဆဲ
ပိုးစားသစ်ပင်ရဲ့ စိတ္တဇနဲ့ရောင့်ရဲဆဲ
ကျွန်တော် မရောက်ရှိရာ
ချောင်းကလေးလည်း ကောခဲ့
ဇာတိက
သောင်လိုထွန်းခဲ့ပြီး
ကျွန်တော်တို့က မြစ်လိုသွားခဲ့တဲ့ခရီးမှာ
မလိုအပ်ရင်
အိမ်ပြင်ပြန်ထွက်ပြေးတတ်တဲ့ ငှက်တွေဟာ
ကျွန်တော်တို့
လိုအပ်ရင်
အချိန်မတော်ပြန်လာတတ်တဲ့ သားကို
ဖခင်တစ်ဦးရဲ့ အချိန်မတော် တံခါးဖွင့်ပေးသံကို
နားလည်ပြီ။
အခုလို မြစ်ရေကြီးသောအခါမှ
မိမဲ့ ဖမဲ့ ကမ်းပြိုသလို ငါ လှိမ့်ပြိုခဲ့
ခေါ်မကြား အော်မကြား
အဝေးရောက်သားတစ်ယောက်ရဲ့
အကိုင်းဖျားဟာ တဆတ်ဆတ်ခါခဲ့
ငယ်ဘ၀ရဲ့ စိုက်ခင်းတွေကြား
ဘောင်းဘီအတိုလေးနဲ့ဓာတ်ပုံဟာ ပျောက်ဆုံးသွားခဲ့ပြီ။ ။
(၉-၉-၂၀၀၂ တွင် ကွယ်လွန်သွားသော ဖခင်ကြီးအား ရည်စူး၍)
ဝင်းမြင့်
(လူပြိန်းရဲ့အချစ်ဖြစ်ပွားရာ ကဗျာစာအုပ်မှ)
Sunday, February 25, 2007
Subscribe to:
Post Comments (Atom)
No comments:
Post a Comment